ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး အလန် ရှီးယားက ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ လီဗာပူးလ်အသင်းအတွက် ရွေးချယ်မှုကောင်းတစ်ခု ဖြစ်မယ်လို့ အကြံပြုခဲ့ပြီး ကိန်းက အမြဲတမ်း ဂိုးတွေ သွင်းယူနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်တယ်လို့လည်း မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
တော့တင်ဟမ် ဟော့စပါးအသင်းအတွက် ဂိုးသွင်းအများဆုံး ကစားသမားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ဒုတိယ ဂိုးသွင်းအများဆုံး ကစားသမား ဟယ်ရီကိန်းဟာ ၂၀၂၃ နွေမှာပဲ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ စပါးနဲ့ ပရီးမီးယားလိဂ်တို့ကို စွန့်ခွာပြီး ဘွန်ဒက်စ်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။
Photo Credit : Goal
ဘိုင်ယန်ကစားသမားဘဝ ဒုတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတဲ့ ကိန်းဟာ ပွဲဦးထွက် ရာသီတုန်းက ဖလားမရခဲ့ပေမယ့် ဒီရာသီမှာတော့ ဖလားရဖို့က သေချာနေပြီး တကယ်လို့ ဖလားရပြီးသွားရင်လည်း ဘိုင်ယန်ကနေ ပရီးမီးယားလိဂ်ဆီကို ပြန်လည် ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပါတယ်။ အခုတလောမှာလည်း ကိန်းက လီဗာပူးလ်အသင်းနဲ့ပါ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။
ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားကြီး ရှီးယားက “ဟယ်ရီကိန်းက စက်တစ်လုံးလိုပါပဲ၊။ သူက အမြဲတမ်း ဂိုးတွေ သွင်းပေးမယ်။ သူ့ရဲ့ အသက်အရွယ်ကို ဘေးဖယ်ထားရင် သူ့ကို အခွင့်အရေးတွေ ဒါမှမဟုတ် ဘောလုံးကို ပင်နယ်တီဧရိယာထဲ ပို့ပေးမယ်ဆိုရင် ဘောလုံးကို ဂိုးပေါက်ထဲ ထည့်ဖို့ နည်းလမ်းကို သူ ရှာတွေ့မှာပါ။ ဒါက ဂိုးသွင်းသူ ကောင်းတစ်ယောက်ရဲ့ လက္ခဏာပါပဲ။”
Photo Credit : Goal
“လီဗာပူးဟာ နွေရာသီမှာ တိုက်စစ်မှူး ရှာဖွေမယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ကိန်းက သူတို့အတွက် ရွေးချယ်မှု ကောင်းတစ်ခုဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ အသင်းရဲ့ အဆင့်အတန်းနဲ့ သူက ဂိုးတွေ သွင်းပေးမှာမို့ပါ။ ဟယ်ရီက ဂျာမနီမှာ ဆက်နေဖို့ ဆုံးဖြတ်မလား ပရီးမီးယားလိဂကို ပြန်လာဖို့ ဆုံးဖြတ်မလား၊ သူ့မှာ ရွေးချယ်စရာတွေ ရှိမှာပါ။ ကျွန်တော် အမြဲပြောခဲ့တာက သူ ပရီးမီးယားလိဂ်ကို ပြန်လာမယ်ဆိုရင် ကျွန်တော့်ရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အခွင့်အရေး အရမ်းကောင်းကောင်း ရလိမ့်မယ်။”
“ကျွန်တော်က သူ့ရဲ့ အားကောင်းတဲ့ အားပေးသူတစ်ယောက်ပါ။ ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ် စံချိန်က ထာဝရတည်မြဲမှာ မဟုတ်ပါဘူး။ ကျွန်တော် စာရင်းထိပ်မှာ ဦးဆောင်နေတာ ဘယ်လောက်ကြာခဲ့ပြီလဲ မသိပေမယ့်ထိပ်တန်းကစားသမားတွေ အများကြီးရှိတဲ့ ဒီနေရာမှာ ရှိနေရတာ ဂုဏ်ယူစရာပါ။ ဒီစံချိန်က တစ်နေ့ ကျိုးပျက်သွားမှာပါ။ အဲဒီအခါ ဟယ်ရီကို ဖြစ်သွားမယ်ဆိုရင် ကျွန်တော်က သူ့ကို ပထမဆုံး ဂုဏ်ပြုပြီး လက်ဆွဲနှုတ်ဆက်မယ်ဆိုတာ သူ သိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုကို ထိုက်တန်သူတစ်ယောက် ရှိရင် အဲဒါ သူပါပဲ။ အခုချိန်မှာတော့ ကျွန်တော် ဒါကို ဆက်လက် ခံစားနေဆဲပါ၊ ဒါကြောင့် ဒီအတိုင်း ကြာကြာဆက်ရှိနေပါစေ။” လို့ ပြောဆိုသွားခဲ့ပါတယ်။