စပါးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာကာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ ယခုနှစ် ရာသီအကုန်မှာ စပါးအသင်းကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ အင်္ဂလန်အခြေစိုက် သတင်းဌာနတေ​ွက တစ်ညီတညွတ်ထဲ ဖော်ပြသွားခဲ့ကြပါတယ်။ အသက် ၂၆ နှစ်အရွယ် ဟယ်ရီကိန်းဟာ လက်ရှိမှာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရသူဖြစ်ပြီး စပါးအသင်းရဲ့ စီမံကိန်းတွေကို သဘောမကျတာကြောင့် အသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားလာတာဖြစ်တယ်လို့ ကိန်းနဲ့ နီးစပ်သူတွေက ထုတ်ဖော်ပြောဆိုထားခဲ့ကြပါတယ်။

Photo Credit: Metro.com

စပါးအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ အလုံးစုံ ပြုပြင်ပြောင်းလဲမှုတွေကို စတင် လုပ်ဆောင်လာခဲ့ပြီး အသင်းမှာ ကာလရှည် ရှိခဲ့တဲ့ နည်းပြ ပိုချက်တီနိုကို ထုတ်ပယ်ကာ မန်ယူ ၊ ချယ်လ်ဆီးအသင်းတို့နဲ့ အောင်မြင်မှုပေါင်းများစွာကို ရယူထားနိုင်ခဲ့တ​ဲ့ မော်ရင်ဟိုကို အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ မော်ရင်ဟို ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့အပြီးမှာတော့ စပါးအသင်းဟာ အဲရစ်ဆင် ၊ ဝမ်ယာမာ ၊ ရို့စ် စတဲ့ ယခင်နှစ်တွေမှာ အသင်းရဲ့ထောက်တိုင်လို ဖြစ်ခဲ့ကြတဲ့ ကစားသမားတွေကို အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပြီး ဘာ့ချ်ဝင့် ၊ လိုဆယ်ဆို စတဲ့ ကစားသမားတွေနဲ့အတူ အသင်းကို ပြန်ပြီး အခြေချဖို့ လုပ်ဆောင်နေတာပါ။

Photo Credit: Metro.com

ဒါပေမယ့် အသင်းတစ်သင်းကို ပြန်ပြီး တည်ဆောက်ရာမှာ လိုအပ်တဲ့ငွေကြေးရဖို့ကို စပါးအသင်းအနေနဲ့ ရုန်းကန်ရဖွယ် ရှိနေပြီး လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်သာမရပါက အသင်းရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင်၆၀သန်းဝန်းကျင်သာ ရှိလိမ့်မယ်လို့ အသင်းနဲ့ နီးစပ်သူတွေက ဝန်ခံထားကြပါတယ်။ လက်ရှိမှာတော့ ဟယ်ရီကိန်းဟာ အသင်းရဲ့ လုပ်ဆောင်မှုတွေအပေါ် စိတ်ပျက်နေကြောင်းနဲ့ ကစားသမားဘဝမှာ အဓိကကျတဲ့ ဆုဖလားအောင်မြင်မှုတွေကို ရရှိဖို့ လာမယ့်နွေရာသီမှာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ လမ်းစဖွင့်ပေးထားကြောင်း ဟယ်ရီကိန်းနဲ့ ရင်းနှီးတဲ့ သတင်းသမားတေ​ွက ဖော်ထုတ်ရေးသားထားကြပြီး မန်ယူအသင်းဘက်ကလည်း ကိန်းကို ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ စိတ်ဝင်စားနေပါတယ်။