အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကတော့ ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဟန်ဂေရီအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ တောင်ပံ ကစားသမား စတာလင်းကို လူမျိုးရေး ခွဲခြားခဲ့တဲ့ ဟန်ဂေရီ ပရိသတ်များအား ပြင်းထန်စွာ အရေးယူပေးဖို့ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAထံ တောင်းဆိုသွားခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ဟန်ဂေရီအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဧည့်သည် အင်္ဂလန်အသင်းဟာ ဟန်ဂေရီအသင်းကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ကစားသမားဟာ တောင်ပံ ကစားသမား စတာလင်း ဖြစ်ပြီး စတာလင်း သွင်းဂိုး သွင်းယူကာ အောင်ပွဲခံနေတဲ့ အချိန်မှာပဲ ဒေါသ ထွက်နေတဲ့ ဟန်ဂေရီ ပရိသတ်များဟာ စတာလင်းကို ရေဗူး ၊ အအေးဗူး စတဲ့ အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြသလို လူမျိုးရေး ခွဲခြားမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒါအပြင် ဟန်ဂေရီအသင်းရဲ့ ပရိသတ်တွေဟာ ပွဲမစတင်မီမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဒူးထောက်ကာ ဆန္ဒပြခဲ့ကြတဲ့ အင်္ဂလန် အသင်းသားတွေကိုလည်း လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Photo Credit: Standard

လက်ရှိမှာတော့ ဟန်ဂေရီ ပရိသတ်တွေရဲ့ ဆိုးဝါးတဲ့ လုပ်ရပ်တွေအပေါ် ဝေဖန်ပြစ်တင်မှုများစွာ ပြုလုပ်နေကြသလို အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်းကလည်း တကယ်လို့ ဟန်ဂေရီ ပရိသတ်တွေကသာ စတာလင်းကို လူမျိုးရေး ခွဲခြားတာ မှန်ခဲ့ရင် UEFAဟာ ဒီဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသင့်တယ်လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

လူမျိုးရေးခွဲခြားခဲ့တဲ့ ဟန်ဂေရီ ပရိသတ်တွေရဲ့ အပြုအမူနဲ့ ပတ်သတ်ပြီး ဟယ်ရီကိန်းက – “ကျွန်တော်က သူတို့ ဘာတွေ အော်ဟစ်နေလဲ ဆိုတာကို သေချာ မကြားခဲ့ရပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ် (လူမျိုးရေး ခွဲခြားမှု) တကယ် ဖြစ်ခဲ့လား ၊ မဖြစ်ခဲ့ဘူးလား ဆိုတာကို ကျွန်တော့် အသင်းသားတွေနဲ့ စကားပြောပြီး အတည်ပြု ရမှာပါ။ တကယ်လို့သာ လူမျိုးရေးခွဲခြားမှု အမှန်တကယ် ဖြစ်ခဲ့ရင် UEFAဆီ တိုင်ကြားဖို့ စီစဉ်ထားသလို UEFAကလည်း ဒီဖြစ်ရပ်အပေါ် ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူစေချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။