ဘိုင်ယန်မြူးနစ် နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က ဟာရီကိန်းကို ဘိုင်ယန်အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက် တူဟယ်လ် ကိုယ်တိုင် လန်ဒန်ကို လာရောက်ပြီး ကိန်းနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Eurosport

ဘိုင်ယန်ဟာ အသင်း တိုက်စစ်ပိုင်းအတွက် ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းလျက် ရှိနေပြီး ကနဦး ကမ်းလှမ်းချက် အပယ်ချခံထားရပေမယ့်လည်း နောက်တစ်ကြိမ် ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်သွားဖို့ ရှိနေသလို ဘိုင်ယန် နည်းပြ တူဟယ်လ်ကိုယ်တိုင်ပါ ကိန်းကို တွေ့ဆုံပြီး ဆွေးနွေး ညှိနှိုင်းထားခဲ့ပါသေးတယ်။ ကိန်းအနေနဲ့ကလည်း လက်ရှိ အသက် (၃၀)နား ကပ်လာချိန်မှာတောင် ဆုဖလားလက်မဲ့ ဖြစ်နေရခြင်းကို စိတ်ပျက်လာတာကြောင့် ဆုဖလားတွေအတွက် အာမခံချက်ကောင်းတွေ ရှိနေတဲ့ ဘိုင်ယန်ဆီကို ပြောင်းရွှေ့ချင်နေပါတယ်။

Photo Credit : SPORTbible

ကစားသမားဘဝမှာ အမှတ်ပေးဖလားရော ရှုံးထွက်ဖလားရော ဘာဆို ဘာဖလားတစ်လုံးမှ မပိုင်ဆိုင်ဖူးသေးတဲ့ ကိန်းက သူသာ ဘိုင်ယန်ကို ရောက်သွားမယ်ဆိုရင် ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးပါ ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေတာကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာစေချင်နေပါတယ်။ ဒါပေမယ့် စပါး ဥက္ကဌ ဒန်နီရယ်လီဗီက ကိန်းကို အသင်းကနေ အလွယ်တကူ လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ ဘိုင်ယန်ဘက်က ကနဦး ကမ်းလှမ်းမှုထက် တိုးမြှင့် ကမ်းလှမ်းလာခဲ့ရင်တောင် ထပ်ပြီး ပယ်ချသွားဖို့သာ အခြေအနေများနေပါတယ်။

ဒါပေမယ့်လည်း ဘိုင်ယန် နဲ့ ကိန်းတို့ ဆွေးနွေးမှုကနေ ရလဒ်ကောင်းတွေ ထွက်လာခဲ့မယ်ဆိုရင်တော့ ကိန်းအနေနဲ့ ဒီနွေထဲ ဘိုင်ယန်ကို ပြောင်းခွင့်မရရင်တောင် လာမယ့်နွေမှာ ဘိုင်ယန်ဆီ အလွတ်နဲ့ ပြောင်းလာနိုင်ပါတယ်။