ယူရို-၂၀၂၄ ပြိုင်ပွဲကြီး ကျင်းပလို့အပြီးမှာပဲ ဂျာမနီ ကွင်းလယ်လူ တိုနီ ကရူးစ် နဲ့ ကွင်းလယ်တိုက်စစ် ကစားသမားကြီး သောမတ်စ် မူလာ ၊ ပြင်သစ် တိုက်စစ်မှူးကြီး အိုလီဗီယာ ဂျရူးတို့က လက်ရွေးစင် ကစားသမားဘဝတွေကနေ အသီးသီး အနားယူမှုတွေ လုပ်ဆောင်သွားခဲ့ကြပါတယ်။

ဒီလို ကစားသမားကြီးတွေ အသီးသီး အနားယူသွားပြီးတဲ့နောက် ယူရို-၂၀၂၄ ပြိုင်ပွဲထဲ ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိခဲ့ပြီး ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုကိုပါ ကစားသမား (၅)ဦးနဲ့အတူ ပူးတွဲပိုင်ဆိုင်ခဲ့တဲ့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာလည်း သူရဲ့ လက်ရွေးစင် ကစားသမားဘဝကနေ အနားယူသွားနိုင်ဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

ဘာကြောင့်လဲဆိုတော့ ဟယ်ရီကိန်းက ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီ ပြီးဆုံးခါနီးမှာပဲ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး ယူရို-၂၀၂၄ ပြိုင်ပွဲ ကျင်းပခါနီးလောက်မှ ဒဏ်ရာကနေ သက်သာလာတာကြောင့် အင်္ဂလန်အသင်းအတွက် ယူရိုပြိုင်ပွဲကြီးကို ဆင်နွဲခဲ့ရတာ ဖြစ်ပါတယ်။ ကိန်းက အင်္ဂလန်အတွက် ယူရို-၂၀၂၄မှာ သွင်းဂိုး (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ပွဲတိုင်းနီးပါးမှာ ရုန်းကန်ခဲ့ရပြီး (၇)ပွဲကစား (၅)ပွဲအထိ လူစားလဲခံခဲ့ရပါတယ်။

ဒါ့အပြင် အင်္ဂလန် ပရိသတ်တချို့ကလည်း ဟယ်ရီကိန်းလို ဆုဖလားတွေနဲ့ ကျိန်စာသင့်နေတဲ့ ကစားသမားမျိုး ပါဝင်နေတာကြောင့် အင်္ဂလန်က ဖိုင်နယ် ရောက်ခဲ့တာတောင်မှ ဖလားနဲ့ လွဲချော်ခဲ့ရတာ ၊ ဟယ်ရီကိန်းရဲ့ ခြေစွမ်းပိုင်း အားနည်းချက်တွေကြောင့် အင်္ဂလန်က တိုက်စစ်ကို ထိထိရောက်ရောက် မကစားနိုင်ခဲ့တာဆိုပြီး ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

Photo Credit : Sportsmax

ဒါ့အပြင် နည်းပြ ဂါရတ် ဆောက်ဂိတ်က အသင်းတိုက်စစ်မှာ အိုလီ ဝက်ကင်းစ် ၊ အိုင်ဗန် တိုနေးတို့ထက် ဟယ်ရီကိန်းကိုသာ ပွဲကစားခွင့် ပိုပေးနေခြင်းကိုလည်း ပရိသတ်တွေက ဝေဖန်ခဲ့ကြပြီး ဒီလို အခြေအနေမျိုးတွေ အပြီးမှာ ဟယ်ရီကိန်းက သူရဲ့ လက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်သွားနိုင်တယ်လို့ မှတ်ချက်တွေ ထွက်ပေါ်လာခဲ့ရပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းကိုယ်တိုင်ကတော့ အင်္ဂလန် အသင်းဖော်တွေနဲ့အတူ ယူရိုပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ဆီ နောက်တစ်ကြိမ် တက်လှမ်းနိုင်ခဲ့တာကို ဂုဏ်ယူမိရကြောင်းနဲ့ အင်္ဂလန်ဂျာစီ ဝတ်ဆင်ပြီး လာမယ့် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ပြန်လည် ဆင်နွဲသွားဖို့ အဆင်သင့် ဖြစ်နေကြောင်းကို သူရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ အသိပေးသွားခဲ့ပါတယ်။