ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုက်တန် ၀-၂ စပါး ပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းမှာ အဝေးကွင်း သွင်းဂိုး အများဆုံး တိုက်စစ်မှူး အဖြစ် စံချိန် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ အတွက် ရုန်းကန်နေရတဲ့ စပါးဟာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခံစစ်မှူး ရိုမဲရိုနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ကာ အဖိုးတန်ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အဆိုပါပွဲစဉ်မှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ဟယ်ရီကိန်းရဲ့ ကစားသမား ဘဝ ပရီးမီးယားလိဂ် အဝေးကွင်း သွင်းဂိုး ပမာဏဟာ ၉၅ဂိုး အထိ ရှိလာခဲ့ပြီး ဟယ်ရီကိန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန် ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီရဲ့ အဝေးကွင်း သွင်းဂိုး အများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ၁ဂိုး အသာနဲ့ လွှဲပြောင်း ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဘရိုက်တန်နဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာတော့ စပါးနည်းပြ ကွန်တီက ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း သွင်းဂိုး အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ကွန်တီက – “ဒီစံချိန်က ဟယ်ရီအတွက် အတော်လေးကို ဂုဏ်ယူစရာ ကောင်းတဲ့ စံချိန်မှတ်တမ်း တခုပါ။ ဒါပေမယ့် ကျွန်တော်တို့တွေက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦးရဲ့ အကြောင်းကို ပြောနေတာကိုလည်း မမေ့ထားပါနဲ့။ ကျွန်တော်ကတော့ ဟယ်ရီ တယောက် အခုလိုမျိုး သွင်းဂိုးတွေ ဆက်တိုက် သွင်းနိုင်နေတာကို ကြည့်ပြီး ပျော်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ရာသီအစမှာ သူက သွင်းဂိုးတွေ ရဖို့ အနည်းငယ် ရုန်းကန်ခဲ့ရတယ်လေ။ သူ့လိုမျိုး ထိပ်တန်း တိုက်စစ်မှူး တဦးကို ရထားတာက ကျွန်တော်တို့အသင်းကို ပိုပြီး အင်အားတောင့်စေသလို တချိန်ထဲမှာပဲ သူက အသင်းမှာ ရှိတဲ့ အသင်းဖော်တွေဟာ သူ့အတွက် အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ် ဆိုတဲ့ အပေါင်းလက္ခဏာ ဆန်တဲ့ ခံစားချက်မျိုးကို ခံစားနေရပါပြီ” လို့ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။