မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေရဲ့ ဆန့်ကျင်ဆန္ဒပြခြင်းကို ခံနေရတဲ့ အသင်းရဲ့ ဒုတိယဥက္ကဌ အက်ဝုဒ်ဝက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အင်္ဂလန်မှာရှိတဲ့ သူ့ရဲ့အိမ်ကို မန်ယူပရိသတ်တေ​ွ တိုက်ခိုက်ပြီးနောက်ပိုင်းမှာ အင်္ဂလန်ကို လာရောက်ခြင်း မရှိတော့ပေမယ့် လက်ရှိအချိန်မှာတော့ အသင်းရဲ့ အပြောင်းအရွှေ့ လုပ်ငန်းတွေကို လုပ်ဆောင်ဖို့အတွက် မန်ချက်စတာမြို့ကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။ အက်ဝုဒ်ဝက်ဟာ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်ထွက်ခွာပြီးနောက်ပိုင်း မန်ယူအသင်းကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူတစ်ဦး ဖြစ်ကာ ကနဦးမှာ သူဝယ်ယူပေးခဲ့တဲ့ ကစားသမားတွေဟာ အသင်းနဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ပေမယ့် လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့လက်ထက် မှာ သူဝယ်ယူပေးခဲ့တဲ့ ကစားသမားတွေက ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။

Photo Credit: Mirror.com

မန်ချက်စတာမြို့အခြေစိုက် သတင်းဌာနတွေကတော့ အက်ဝုဒ်ဝက်ဟာ လက်ရှိအချိန်မှာ ဘာမင်ဂမ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ဘယ်လင်ဟမ်ကို အသင်းထံ ခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးပါက လန်ဒန်မြို့ဆီ ဆက်လက် ထွက်ခွာဦးမှာဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။ လန်ဒန်မြို့အခြေစိုက် သတင်းဌာနတွေကတော့ အက်ဝုဒ်ဝက်ဟာ အမေရိကန်နိုင်ငံမှာ ရှိနေကတည်းက စပါးအသင်းရဲ့ ဥက္ကဌလီဗိုင်းဆီ ဖုန်းခေါ်ဆိုမှုတချို့ ပြုလုပ်ခဲ့ကြောင်း ၊ သူတို့နှစ်ဦးဟာ စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အပြောင်းအရွှေ့အတွက် ဦးတည်ကာ ဆွေးနွေးခဲ့တာဖြစ်နိုင်ကြောင်းနဲ့ အက်ဝုဒ်ဝက် လန်ဒန်မြို့ကို လာမယ့်ခရီးစဉ်ဟာလဲ ကိန်းရဲ့ အပြောင်းအရွှေ့နဲ့ သက်ဆိုင်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Express.com

အသက်၂၆နှစ်အရွယ် ဟယ်ရီကိန်းဟာ လက်ရှိမှာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူနေရသူ တစ်ဦးဖြစ်ပေမယ့် သူဟာ စပါးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပါတယ်။ ကနဦးမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဟယ်ရီကိန်းဟာ သူ့ကို မြေတောင်မြှောက်ပေးခဲ့တဲ့ ပိုချက်တီနိုကို အသင်းကနေ ထုတ်ပယ်ကာ မော်ရင်ဟိုကို ခန့်အပ်ခဲ့တဲ့ စပါးအသင်းရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်အောင် ဖြစ်နေကြောင်းနဲ့ သူ့ရဲ့ ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ဖို့အတွက် လာမယ့်အပြောင်းအရွှေ့ရာသီမှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း သိထားရပါတယ်။ ပရီးမီးယားလိဂ် အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ ဘောလုံးသုတေသီတွေကတော့ စပါးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ဖို့ ရှိတာကြောင့် အသင်းကို ပြန်လည်တည်ဆောက် ဖို့ ပြောင်းရွှေ့ကြေး ပေါင်၁၀၀သန်းဝန်းကျင် လိုအပ်တာကြောင့် ဟယ်ရီကိန်းကို မန်ယူအသင်းထံ ပေါင်၁၀၀သန်းနဲ့ ရောင်းချနိုင်ချေရှိတယ်လို့ သုံးသပ်ဆွေးနွေးထားပါတယ်။