ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းက ယခု နွေဈေးကွက် အတွင်းမှာ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ ကစားဖို့ ကြိုးစားနေပေမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီ စတင်မယ့်နေ့ အထိ အသင်းမပြောင်းနိုင်ခဲ့ရင် စပါးမှာပဲ နောက်ထပ် တရာသီ ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း စပါးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကို ဩဂုတ်လ ၁၂ရက်နေ့မှာ စတင် ယှဉ်ပြိုင် ကစားမှာ ဖြစ်ပြီး စပါးကတော့ သူတို့ရဲ့ ရာသီအဖွင့်ပွဲ အဖြစ် ဩဂုတ်လ ၁၃ရက်နေ့မှာ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

ဟယ်ရီကိန်းက စပါးနဲ့ စာချုပ်သက်တမ်း ၁နှစ်ထဲသာ ကျန်တော့ချိန်မှာ အသင်းကို စွန့်ခွာကာ ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေပြီး ဂျာမန်လိဂ်ရဲ့ ပြိုင်ဘက်ကင်းအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေသလို ဟယ်ရီကိန်းကလည်း ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ ခေါင်းညိတ်ထားပါတယ်။

ဒါကြောင့် ဘိုင်ယန်မြူးနစ်က စပါးနဲ့သာ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ရင် ဟယ်ရီကိန်းကို ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ယခုချိန်အထိ ဘိုင်ယန်မြူးနစ်နဲ့ စပါးတို့ ကြားထဲမှာ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရရှိသေးပဲ စပါးက ဟယ်ရီကိန်း အတွက် အနိမ့်ဆုံး ပေါင် ၉၀သန်း လိုချင်နေချိန်မှာ ဘိုင်ယန်မြူးနစ်ကတော့ ဟယ်ရီကိန်းအတွက် ပေါင် ၇၅သန်း ဝန်းကျင်သာ ပေးချေချင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football Londonရဲ့ ပင်တိုင် သတင်းထောက် ရော့ဘ် ဂတ်စ်ရဲ့ ဖော်ပြချက်တွေအရ ဟယ်ရီကိန်းက ယခု နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ စိတ်ကူးရှိနေပေမယ့် စပါးကို မနစ်နာစေချင်တာကြောင့် ဒီရက်ပိုင်းအတွင်းမှာပဲ အသင်းပြောင်းချင်နေပြီး အကယ်၍ ဘိုင်ယန်မြူးနစ်ကသာ စပါးနဲ့ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရခဲ့လို့ သူက စပါးနဲ့အတူ ရာသီအဖွင့်ပွဲ အထိ ဆက်ရှိနေခဲ့မယ် ဆိုရင် စပါးမှာသာ တရာသီလုံး ဆက်ကစားဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ စပါးဥက္ကဌ လီဗိုင်းနဲ့ စပါးနည်းပြသစ် ပိုစတီဂိုဂလူတို့က ဟယ်ရီကိန်းကို အသင်းမှာပဲ ဆက်နေအောင် ကြိုးစား ဖြောင်းဖျနေကြပြီး လီဗိုင်းက ဟယ်ရီကိန်းဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကိုသာ အသင်းနဲ့အတူ ဖြတ်သန်းခဲ့ရင် စာချုပ်သစ် ထပ်ချုပ်လိမ့်မယ်လို့ ယုံကြည်နေကြောင်း စပါးနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောဆိုထားကြပါတယ်။