ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ မနေ့က ဝါဒါဘရီမင်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် သူ့ရဲ့ ဂိုး (၁၀၀)ပြည့်မြောက်အောင် သွင်းယူနိုင်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အာလင်း ဟာလန်းတို့ ပူးတွဲ ပိုင်ဆိုင်ထားတဲ့ စံချိန်တစ်ခုကို ကျော်ဖြတ်ကာ သမိုင်းသစ် ရေးထိုးလိုက်ပါတယ်။
၂၀၂၃ ခုနှစ်က ဘိုင်ယန်ကို ရောက်ရှိလာခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲစုံ (၁၀၄)ပွဲသာ ကစားပြီးနောက်မှာ ဂိုး (၁၀၀)ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဥရောပထိပ်တန်းလိဂ် (၅)ခုရဲ့ သမိုင်းတစ်လျှောက်မှာ ကစားသမားတစ်ဦးက ကလပ်အသင်းတစ်သင်းတည်းအတွက် ဂိုး (၁၀၀)ကို အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ စံချိန်သစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။
Photo Credit : Goal
စံချိန်ဟောင်းကိုတော့ ရီးရဲလ် မက်ဒရစ်အတွက် ရော်နယ်လ်ဒိုနဲ့ မန်စီးတီးအတွက် ဟာလန်းတို့က (၁၀၅)ပွဲစီနဲ့ ပူးတွဲကိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းရဲ့ ဂိုး (၁၀၀)ကို အသေးစိတ်ခွဲခြမ်းကြည့်မယ်ဆိုရင် သူ့ရဲ့ ထူးခြားတဲ့ ဂိုးသွင်းစွမ်းရည်ကို အခုလို မြင်တွေ့ရမှာပါ။ ပျမ်းမျှ ၈၅.၇ မိနစ်တိုင်းမှာ တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ညာခြေနဲ့ (၆၆)ဂိုး ဘယ်ခြေနဲ့ (၁၅)ဂိုး၊ ခေါင်းတိုက်ဂိုး (၁၉)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေထဲမှာ ပင်နယ်တီဧရိယာအတွင်းကနေ သွင်းယူခဲ့တဲ့ ဂိုးက (၉၂)ဂိုး ဧရိယာအပြင်ကနေ သွင်းယူခဲ့တဲ့ဂိုးက (၈)ဂိုးနဲ့ ပင်နယ်တီပြစ်ဒဏ်ကနေ (၂၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိန်းရဲ့ဂိုးကန်သွင်းမှု အောင်မြင်နှုန်းကလည်း (၂၅.၆)% အထိ ရှိနေပါတယ်။ ကိန်းဟာ ဘိုင်ယန်အတွက် ကစားပေးနေချိန်အတွင်း ဟက်ထရစ် (၁၀)ကြိမ်နဲ့ (၂)ဂိုးသွင်းနိုင်တဲ့ ပွဲအရေအတွက်ကလည်း (၁၇)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
Photo Credit : The Sun
သူဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသနေပြီး (၁၅)ဂိုးအထိ သွင်းယူထားကာ ဥရောပထိပ်တန်းလိဂ် (၅)ခုမှာ ဂိုးသွင်းအများဆုံးနဲ့ ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ ကိန်းဟာ ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါမှာ (၇၂)ဂိုး သွင်းယူပေးထားပြီး ဂျာမနီမြေကို ရောက်ရှိခဲ့တဲ့ ပထမဆုံးရာသီနှစ်ခု (၂၀၂၃-၂၄၊ ၂၀၂၄-၂၅) မှာ ဆက်တိုက် ဂိုးသွင်းအများဆုံးဆုကို ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိန်းရဲ့ ဘိုင်ယန်မှာ ရေရှည်အနာဂတ်နဲ့ပတ်သက်ပြီး သူ့ရဲ့ စာချုပ်မှာ လျော်ကြေးနဲ့ ပြောင်းရွှေ့နိုင်တဲ့ အချက် ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီအင်္ဂလန်လက်ရွေးစင်ဟာ ဘိုင်ယန်မှာ ခဏတာအတွင်း အံ့မခန်း သက်ရောက်မှုတွေ ပြုလုပ်နိုင်ခဲ့လို့ ဘိုင်ယန်ဘက်ကတော့ နောက်ထပ်များစွာ ရရှိဦးမယ့်လို့ မျှော်လင့်နေမှာ သေချာပါတယ်။