MySport Myanmar

ဟက်ထရစ် (၇)ကြိမ်သွင်းပြီး ဟာလန်းရဲ့ စံချိန်ကိုပါ ရိုက်ချိုးခဲ့တဲ့ ဟယ်ရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ဟယ်ရီကိန်းကတော့ မနေ့ညက ဘိုင်ယန်နဲ့ အော့စ်ဘတ်တို့ ဘွန်ဒက်စ်လီဂ်ပွဲစဉ်မှာပဲ အသင်းအတွက် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် အခုဆို ဟယ်ရီကိန်းက ဘိုင်ယန်အတွက် ဟက်ထရစ် အကြိမ်ရေပေါင်း (၇)ကြိမ်အထိတောင် သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေအပြောင်းအရွှေ့ကမှ တော့တင်ဟမ် ဟော့စပါးကနေ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဟယ်ရီကိန်းကတော့ ဂျာမနီမြေမှာ ခြေစွာလို့နေပြီး မနှစ်က ဘွန်ဒက်စ်လီဂါရဲ့ ဂိုးသွင်းအများဆုံးဆုအပြင် ဥရောပ ရွှေဖိနပ်ဆုကိုပါ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Photo Credit : Goal

ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံ (၄၄)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တဲ့ ဟယ်ရီကိန်းဟာ ဒီရာသီထဲမှာဆိုရင်လည်း ပြိုင်ပွဲစုံ (၁၇)ပွဲကစားပြီးချိန်မှာပင် သူရဲ့ သွင်းဂိုးအရေအတွက်က ဂိုး(၂၀)အထိ ရှိနေသလို ဘွန်ဒက်စ်လီဂါမှာလည်း လိဂ်သွင်းဂိုးက (၁၄)ဂိုး ရှိနေခဲ့ရပါတယ်။

ဟယ်ရီကိန်းက ဒီရာသီထဲမှာပဲ ဘိုင်ယန်အသင်းအတွက် ဘွန်ဒက်စ်လီဂါမှာ ဟက်ထရစ် (၃)ကြိမ် သွင်းယူထားနိုင်ခဲ့ပြီး မနှစ်က ရာသီမှာလည်း ဘွန်ဒက်စ်လီဂါ ဟက်ထရစ် (၄)ကြိမ်အထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဟယ်ရီကိန်းက ဘွန်ဒက်စ်လီဂါမှာ ပွဲပေါင်း (၄၃)ပွဲကစားအပြီး သူရဲ့ ဂိုးအရေအတွက်က ဂိုး (၅၀)အထိလည်း ရှိလာခဲ့ပါတယ်။

Photo Credit : Bavaraina Football Works

ဟယ်ရီကိန်း ဘွန်ဒက်စ်လီဂါဆီ မရောက်ခင်တုန်းက လက်ရှိ မန်စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ်ပေါင်း (၅၁)ပွဲ ကစားပြီးချိန် ဂိုး(၅၀) သွင်းယူနိုင်ခဲ့လို့ ဘွန်ဒက်စ်လီဂါမှာ ဂိုး(၅၀) အမြန်ဆုံး သွင်းယူနိုင်သူ ဖြစ်ခဲ့ပေမယ့် အခု ကိန်းက ဟာလန်းထက် (၇)ပွဲတောင်စောပြီး ဂိုး(၅၀) ပြည့်ခဲ့လို့ ဟာလန်းရဲ့ စံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ ဘိုင်ယန်အတွက် တစ်ရာသီကျော်သာ ကစားထားခဲ့ရပေမယ့်လည်း သွင်းဂိုး (၆၁)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂၁)ကြိမ်လည်း လုပ်ဆောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ကိန်းဟာ ဘိုင်ယန်နဲ့ ဆုဖလားတွေတော့ မရယူနိုင်သေးဘဲ ဒီရာသီထဲမှာ ဘွန်ဒက်စ်လီဂါဖလားကို ရယူနိုင်ဖို့က အခြေအနေကောင်းလို့နေပါတယ်။

Exit mobile version