စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အင်စတာဂရမ်ကနေ ဂျေမီ ရက်နက်နဲ့ အမေးအဖြေတွေကို ပြုလုပ်တဲ့ အချိန်မှာ သူ့ရဲ့ ရှေ့ရေး အနာဂတ်အကြောင်းကို ပြောပြခဲ့ပြီး စပါးအသင်းအနေနဲ့ တိုးတတ်ဖို့ လမ်းစ မရှိတော့ဘူးလို့ ခံစားလာရပြီဆိုရင် ထွက်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ (၂၀၀၄) ခုနှစ်မှာ လူငယ် ကစားသမား အနေနဲ့ စပါးအသင်းကို ရောက်ရှိလာခဲ့ပြီး (၂၀၁၁) ခုနှစ်မှာတော့ စပါး ပထမအသင်းအတွက် ပွဲဦးထွက် ပွဲစဉ်ကို ကစားခဲ့ပြီး အောင်မြင်မှုတွေကို တစ်စထက် တစ်စ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းကတော့ စပါးအသင်းမှာ ခြေစွမ်းပြ ကစားနေပေမဲ့လည်း စပါးအသင်းနဲ့ လက်ရှိအချိန်အထိ အဓိက ဆုဖလားတွေကို ရရှိထားခြင်း မရှိသေးဘဲ အမြင့်ဆုံး အဆင့်အနေနဲ့ စပါး နည်းပြဟောင်း ပိုချယ်တီနိုရဲ့ လက်ထက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားခဲ့ရပါတယ်။ သူဟာ စပါးအသင်း နဲ့ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အဓိက တိုက်စစ်မှူး ဖြစ်နေတဲ့ အတွက်ကြောင့် ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး သူက စပါးအသင်းဟာ တိုးတတ်ဖို့ မရှိတော့ဘူးလို့ ခံစားရရင် စပါးအသင်းက ထွက်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

စပါး တိုက်စစ်မှူး ဟယ်ရီ ကိန်းဟာ လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂျေမီ ရက်နက်နဲ့ အင်စတာဂရမ်ကနေ အမေးအဖြေ ပြုလုပ်တဲ့ အချိန်မှာ သူက “ကျွန်တော် ဒီအကြောင်းကို အများကြီး အမေးခံခဲ့ရပါတယ်။ ကျွန်တော် အဲဒီလို အမေးခံလိုက်ရတဲ့ အခါမှာ ဟုတ်တယ်၊ မဟုတ်ဘူးလို့ အဖြေမပေးနိုင်ပါဘူး။ ကျွန်တော် စပါးအသင်းကို ချစ်မြတ်နိုးတယ်။ ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ်မှာ မသွားတော့ဘူး ဒါမှမဟုတ် အသင်းတစ်သင်း အနေနဲ့ တိုးတတ်မှု မရှိတော့ဘူးလို့ ကျွန်တော် ခံစားရပြီ ဆိုရင် ကျွန်တော်က တိုးတတ်လာဖို့ အတွက် ဆက်ရှိနေမှာ မဟုတ်ပါဘူး။ ကျွန်တော်က ရည်မှန်းချက်ကြီးတယ်”လို့ ပြောခဲ့ပါတယ်။