စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ ဟာရီကိန်းဟာ တကယ်တမ်းမှာတော့ ယူရိုပါလိဂ် ပြိုင်ပွဲမျိုးမှာ ပါဝင်ကစားသင့်တဲ့ ကစားသမားမျိုးမဟုတ်ပဲ ချန်ပီယံလိဂ်လို ပြိုင်ပွဲကြီးမျိုးသာ ဝင်ရောက်ဆင်နွဲသင့်တဲ့ ကစားသမားမျိုးဖြစ်သလို သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း အသေအချာ ပြန်လည်စဉ်းစားသင့်ပြီလို့ စပါးအသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ ပီတာခရော့ချ်က မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Hotspur HQ

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းမှာ ၂၀၀၉ခုနှစ်လောက်ကတည်းက ပါဝင်ကစားနေသူဖြစ်ပြီး အသင်းရဲ့ အဓိကတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပေမယ့် လက်ရှိအချိန်အထိ အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေနဲ့ အလှမ်းဝေးလို့နေတဲ့အပြင် လက်ရှိမှာလည်း ချန်ပီယံလိဂ်ထက် တစ်ဆင့်နိမ့်နေတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာသာ ဝင်ရောက်ကစားနေရခြင်းဟာ မဖြစ်သင့်ဘူးလို့ စပါးတိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

ပီတာခရော့ချ်က “ဟာရီကိန်းက ဒီလိုပြိုင်ပွဲမျိုးမှာ ပါဝင်ကစားသင့်တဲ့ ကစားသမားမျိုး မဟုတ်ပါဘူး။ သူက ချန်ပီယံလိဂ်မှာ ပါဝင်ကစားရမယ့် ကစားသမားမျိုးပါ။ သူက ရောဘတ်လီဝန်ဒေါစကီးတို့ ကီလီယန်အမ်ဘာပေတို့ အာလင်းဟာလန်းတို့ ကစားသမားတွေလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနေရမယ့်သူပါ။ ဒီနေ့ ဒိုင်နမိုဇာဂရက်နဲ့ပွဲမှာ သူရဲ့အသင်းဟာလည်း ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါပြီ။ ဒါက စိတ်ပူစရာပါ။ ဟာရီကိန်း ဆွန်ဟောင်မင်တို့လို ကစားသမားတွေဆိုတာ ယူရိုပါလိဂ်ထက် ပိုမြင့်မားတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ကစားဖို့ ထိုက်တန်တာပါ။ သင်တို့ကတော့ ဒီကစားသမားတွေက စပါးအသင်းကို သစ္စာရှိတယ်ဖို့ မျှော်လင့်နိုင်ပေမယ့် ဒီလိုပွဲမျိုးတွေကတော့ သူတို့အတွက် သေချာပေါက် အကူအညီမပေးနိုင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဟာရီကိန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၃၉)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုးစုစုပေါင်း (၂၆)ဂိုး သွင်းယူထားကာ သွင်းဂိုးဖန်တီးမှုကိုလည်း (၁၆)ဂိုးအထိ လုပ်ဆောင်ထားခဲ့ပေမယ့် သူရဲ့စပါးအသင်းကတော့ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်(၈)နေရာကို ရောက်ရှိနေတာကြောင့် လာမယ့်ရာသီမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ရဖွယ် ရှိလို့နေပါတယ်။