MySport Myanmar

မန်ယူက သူ့ကို လာခေါ်ဖို့ မျှော်လင့်နေတဲ့ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းက ယခု နွေဈေးကွက် အတွင်းမှာ သူ့ကို ခေါ်မယ်လို့ သတင်းကြီးနေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် လုပ်မယ်လို့ မျှော်လင့်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၉နှစ် အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက စပါးရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံး စပါးမှာသာ ကစားခဲ့သူပါ။

Photo Credit: Goal

ဟယ်ရီကိန်းက စပါးအတွက် ဆယ်နှစ်တာ ကာလအတွင်းမှာ ပြိုင်ပွဲစုံ ၄၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၈၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၆၄ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူနဲ့ စပါးရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

ဟယ်ရီကိန်းက စပါးအတွက် ကာလရှည် ကစားပေးခဲ့ပေမယ့် အခုချိန်အထိ ပရော်ဖက်ရှင်နယ် ဆုဖလား တလုံးမှ ကိုင်မြှောက်နိုင်ခဲ့ခြင်း မရှိပဲ အမြင့်ဆုံး အောင်မြင်မှု အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဒုတိယနေရာသာ ရခဲ့ဖူးပါတယ်။

Photo Credit: Football Transfer

ဒါကြောင့်ပဲ ဟယ်ရီကိန်းက ယခု နွေဈေးကွက် အတွင်းမှာ ကာရာဘောင်းဖလား ရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး စပါးကတော့ သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် လိုချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းက မန်ချက်စတာ ယူနိုက်တက်ဟာ သူ့အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် လုပ်ဖို့ မျှော်လင့်နေပြီး ဟယ်ရီကိန်းက သူ့ကို ပေါင် ၁၀၀သန်းအောက် ပမာဏ တရပ်နဲ့ (ပေါင် ၉၀သန်း ဝန်းကျင်) မန်ချက်စတာ ယူနိုက်တက်ဆီ ရောင်းချပေးဖို့ လီဗိုင်းထံ တောင်းဆိုရန်လည်း ပြင်ဆင်ထားကြောင်း သိရပါတယ်။

Exit mobile version