ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ မန်ယူအသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်ကတော့ သူ့ရဲ့အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိကပစ်မှတ် ကစားသမားတစ်ဦး ဖြစ်တဲ့ ဂျေဒန်ဆန်ချိုဟာ မန်ယူအသင်းထံ ပြောင်းရွှေ့သွားရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကို ရရှိနိုင်တယ်လို့ သုံးသပ် ပြောဆိုသွားပါတယ်။ အသက် ၂၀အရွယ် ဒေါ့မွန်အသင်းရဲ့ တောင်ပံ ကစားသမားဖြစ်သူ ဂျေဒန်ဆန်ချိုဟာ မန်ယူ အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦးဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းကြီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: The Sun.com

ဆန်ချိုဟာ မန်ယူအသင်းရဲ့ မြို့ခံပြိုင်ဘက် အသင်းဖြစ်တဲ့ မန်စီးတီးအသင်းရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး ဒေါ့မွန်အသင်းထံကို ၂၀၁၇ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒေါ့မွန်အသင်းအတွက် ၉၁ပွဲအထိ ကစားပေးခဲ့ပြီး ၃၁ဂိုးအထိ သွင်းယူ ထားနိုင်သူပါ။ ဟားဂရေ့ဗ်ကတော့ ဆန်ချိုဟာ ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာဖို့ အရည်အချင်းတွေ ရှိနေကြောင်းနဲ့ ဘယ်အသင်း ကို ပြောင်းရွှေ့တာက သူ့အတွက် အကောင်းဆုံး ဖြစ်မလဲဆိုတာ နားလည်ထားသူ ဖြစ်ကြောင်း ချီးကျူးစကား ဆိုသွားခဲ့ပြီး မန်ယူအသင်းဟာ မန်စီးတီး ၊ လီဗာပူးအသင်းတို့လိုမျိုး လူငယ် ကစားသမားတွေအတွက် သင့်တော်တဲ့ အသင်းတစ်သင်းဖြစ်နေဆဲပါလို့ သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။

Photo Credit: The Sun.com

ဒါ့အပြင် ဆန်ချိုဟာ ရွှေဘောလုံးဆုကို ရရှိနိုင် တဲ့ ကစားသမားဖြစ်ကြောင်း ဟားဂရေ့ဗ်က ပြောဆိုသွားခဲ့ပါတယ်။ ဟားဂရေ့ဗ်က ” လက်ရှိမှာ လီဗာပူးအသင်းနဲ့ မန်စီးတီးအသင်းတို့က ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ဖို့ အသင့်တော်ဆုံး အသင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လူငယ် ကစားသမားတွေ အတွက် ပြောင်းရွှေ့ဖို့ သင့်တော်တဲ့ အသင်း တစ်သင်း ဖြစ်နေဆဲပါ။ ပြီးတော့ ဆန်ချိုကို ဝယ်ယူလိုက်တာက မန်ယူအသင်းအတွက် အရမ်းကောင်းတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာမှာပါ။ ဆန်ချိုဟာ မန်ချက်စတာမြို့အကြောင်းကို မန်စီးတီးအသင်းမှာ ရှိနေစဉ်ကတည်းက သိရှိထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ရရှိတဲ့ ဘယ်အသင်းမဆို အရမ်းကံကောင်းတယ်လို့ ဆိုရမှာပါ။ ဆန်ချိုကို ခေါ်ယူရင် ကုန်ကျစရိတ် များစွာ ရှိလာမှာကို သိပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူတာဟာ ခင်ဗျားရဲ့ အသင်းအတွက် ဆယ်နှစ်လောက် အကျိုးရှိသွားမယ့် ကိစ္စပါ။ ဆန်ချိုဟာ ရွှေဘောလုံးဆုကို ရရှိနိုင်မလား။ သေချာတာပေါ့။ သူ့မှာ ရွှေဘောလုံးဆုကို ရယူ နိုင်တဲ့ အရည်အသွေးတွေ အများကြီး ရှိပါတယ် ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။