ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့လို ဥရောပ ထိပ်သီးအသင်းတွေရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ချန်ပီယံလိဂ် ချန်ပီယံဟောင်းလည်း ဖြစ်တဲ့ အိုဝင် ဟားဂရေ့ဗ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ပွဲစဉ်မှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာ စီးတီးဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဟားဂရေ့ဗ်ရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ယနေ့မနက် အစောပိုင်းမှာ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အိမ်ရှင် မန်ချက်စတာ စီးတီးက ဘိုင်ယန်မြူးနစ်ကို ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

Photo Credit: Sports Max

မန်ချက်စတာ စီးတီး ၃-၀ ဘိုင်ယန်မြူးနစ် ပွဲစဉ်ဟာ ဒီရာသီ ချန်ပီယံလိဂ်ပွဲတွေ အနက် အကောင်းဆုံးပွဲ အဖြစ် သတ်မှတ်ခံခဲ့ရပြီး နှစ်သင်းစလုံးက အပြန်အလှန် တိုက်စစ်ဖွင့် ကစားခဲ့ကြသလို ဘိုင်ယန်မြူးနစ်က မန်ချက်စတာ စီးတီးကို ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရ မနိမ့်ပါးခဲ့ပါဘူး။

ဒါကြောင့် မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဒုတိယအကျော့ ပွဲမှာ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်သေးတယ်လို့ ယူဆနေသူတွေ ရှိနေကြပြီး ဟားဂရေ့ဗ်ကတော့ မန်ချက်စတာ စီးတီးက ဘိုင်ယန်မြူးနစ်ထက် ပိုမို ပြီးပြည့်စုံတဲ့ အသင်း ဖြစ်တာကြောင့် မန်ချက်စတာ စီးတီးကပဲ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ယုံကြည်နေသလို မန်ချက်စတာ စီးတီးဟာ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံ ဖြစ်သွားလိမ့်မယ် ဆိုပြီး ခန့်မှန်းသွားခဲ့ပါတယ်။

Photo Credit: Football 365

ဟားဂရေ့ဗ်က – “ဒါက ချန်ပီယံအသင်း တသင်းရဲ့ ခြေစွမ်းပါပဲ။ (မန်ချက်စတာ စီးတီးရဲ့ ခြေစွမ်းအား ရည်ရွယ်လျက်) သူတို့က အရမ်းကို ကောင်းခဲ့ပါတယ်။ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က တိုက်စစ်ပိုင်းမှာ အများကြီး မကွာခဲ့ပေမယ့် ခံစစ်ပိုင်းမှာတော့ မန်ချက်စတာ စီးတီးက အားနည်းချက် မရှိခဲ့ပါဘူး။ မန်ချက်စတာ စီးတီးက အီဒါဆန်လို သူတို့အသင်းရဲ့ ကစားကွက်နဲ့ အံဝင်အောင် ကစားနိုင်တဲ့ ဂိုးသမားကို ပိုင်ဆိုင်ထားသလို ခံစစ်မှူးတွေကလည်း ပြိုင်ဘက် တိုက်စစ် ကစားသမားတွေနဲ့ တဦးချင်း ယှဉ်ကစားဖို့ မကြောက်ကြပါဘူး။ မန်ချက်စတာ စီးတီးက ဗျူဟာပိုင်းမှာလည်း ပြီးပြည့်စုံသလို တောင်ပံ ကစားသမားတွေကလည်း တဦးချင်း ဖြတ်ကျော်မှုတွေကို လုပ်နိုင်ကြပါတယ်။ ပြီးတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ဟာလန်းလိုမျိုး ရသမျှ အခွင့်အရေးတိုင်းကို အဆုံးသတ်နိုင်တဲ့ ဂိုးသွင်းစက်ကြီး ရှိပါသေးတယ်။ ကျွန်တော်ကတော့ ဘိုင်ယန်မြူးနစ်ဟာ ဒုတိယအကျော့မှာ မှော်ဆန်တဲ့ ရလဒ်မျိုး ရအောင် လုပ်နိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့က ဒီနေ့မှာ ချန်ပီယံလိဂ် ချန်ပီယံကို မြင်တွေ့ခဲ့ကြရတာပါ။ (မန်ချက်စတာ စီးတီးကို ရည်ရွယ်လျက်) မန်ချက်စတာ စီးတီးက ပြီးပြည့်စုံတဲ့ အသင်းပါပဲ” လို့ မန်ချက်စတာ စီးတီးကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။