ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အိုဝင် ဟားဂရေ့ဗ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၀-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချို သွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးဟာ ကြီးကျယ် ခမ်းနားတဲ့ သွင်းဂိုး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) အဖြစ် အဲဗာတန်ရဲ့ အိမ်ကွင်း ဂွတ်ဒီဆင်ပါ့တ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက်က ဂါနာချို ၊ ရက်ဖို့ဒ် (ပင်နယ်တီ) ၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ယူနိုက်တက် လူငယ်ကြယ်ပွင့် ဂါနာချိုက ညာခြမ်းကနေ ဒါးလော့ရဲ့ ဖြတ်တင်ပေးပို့မှုကို ဂိုးဧရိယာ အစပ်နားကနေ နောက်ပြန်ကန်ချက်နဲ့ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ ဘယ်ဘက်ထောင့်ကို အပြင်း ကန်သွင်းကာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့တာပါ။

ဂါနာချိုက နောက်ပြန်ကန်ချက်နဲ့ ဘောလုံးကို ကန်ခဲ့ပေမယ့် သူ့ရဲ့ ကန်ချက်က အတော်လေး အားပါ ပြင်းထန်သလို အဆိုပါ နောက်ပြန်ကန်ချက်ကို လုပ်နိုင်ဖို့ အတွက် ဂါနာချိုက ဂိုးရှေ့မှာ နေရာယူထားရာ ကနေ အနောက်ကို ခြေလှမ်း ၃လှမ်း ပြန်ဆုတ်ခဲ့ရတာကြောင့် ဂါနာချိုရဲ့ သွင်းဂိုးဟာ နည်းစနစ်ပိုင်းအရ အတော်လေး အဆင့်မြင့်တဲ့ သွင်းဂိုးလို့ ပြောရပါမယ်။

Photo Credit: Mirror

ဒါကြောင့်လည်း ဟားဂရေ့ဗ် အပါအဝင် ဘောလုံးရေးရာ သုံးသပ်သူတွေက ဂါနာချိုရဲ့ သွင်းဂိုးဟာ ၂၀၂၃ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးသွင်းဂိုးဆုကို ရနိုင်တယ်လို့ ယုံကြည်နေကြပြီး ဟားဂရေ့ဗ်ကတော့ ဂါနာချိုရဲ့ သွင်းဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အကောင်းဆုံးသွင်းဂိုးတွေထဲက တဂိုး ဖြစ်တယ်လို့ ဆိုလာပါတယ်။

ဟားဂရေ့ဗ်က – “ဒီဂိုးဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှာ အကောင်းဆုံးသွင်းဂိုးတွေထဲက ၁ဂိုးပါ။ ကစားကွက် ဖော်သွားတာကလည်း လှတယ်။ ဒါးလော့ရဲ့ ပေးပို့မှုကလည်း ကောင်းပါတယ်။ ဂါနာချိုရဲ့ အဆုံးသတ်စွမ်းရည် အကြောင်း ပြောရမယ် ဆိုရင်တော့ ဒီလိုသွင်းဂိုးမျိုးဟာ လေ့ကျင့်ရေးကွင်းမှာတောင် မသွင်းဖူးတဲ့ဂိုးမျိုး ၊ အသင်းဖော်တွေနဲ့ တိုင်ပင်ပြီး သွင်းတဲ့ သွင်းဂိုးမျိုး မဟုတ်ဘူး ဆိုတာ အရင်ဆုံး ပြောရပါမယ်။ ဒီဂိုးက ကြီးကျယ် ခမ်းနားတဲ့ သွင်းဂိုးပါ” လို့ ဂါနာချိုရဲ့ သွင်းဂိုးကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။