စီးရီးအေကလပ် ဂျူဗင်တပ်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဒိုင်ဘာလာဟာ စီးရီးအေပြိုင်ပွဲမှာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ ကစားသမားတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ ဒိုင်ဘာလာဟာ သူ့ရဲ့အသင်းဖော် ရူဂါနီဆီကနေ အဆိုပါရောဂါကို ကူးစက်ခံရတယ်လို့ ယူဆခံထားရသူဖြစ်ပြီး လက်ရှိမှာတော့ သူရယ် သူ့ရဲ့ အတူနေချစ်သူဖြစ်တဲ့ ဆာဘာတာနီတို့ဟာ တူရင်မြို့မှာရှိတဲ့ သူတို့ရဲ့နေအိမ်မှာပဲ ကိုရိုနာရောဂါကို ကုသနေကြရပါတယ်။ လက်ရှိမှာတော့ ဒိုင်ဘာလာက သူရဲ့ အခြေအနေဟာ ပြန်လည် ကောင်းမွန်လာပြီဖြစ်ကြောင်း အင်စတာဂရမ်ပေါ်မှာ ပုံတင်ကာ ပရိသတ်တွေကို အသိပေး ပြောကြားခဲ့ပါတယ်။

Photo Credit: AS English.com

ဒါပေမယ့် ဒိုင်ဘာလာဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့အချိန်မှာ အလွန်ဆိုးရွားတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ကြောင်းနဲ့ ခက်ခက်ခဲခဲအသက်ရှူခဲ့ရတဲ့ အချိန်တေ​ွ ရှိကြောင်း ဂျူဗီအသင်းရဲ့ You Tube စာမျက်နှာပေါ်ကနေ ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ဒိုင်ဘာလာဟာ သူ့ရဲ့ နေအိမ်မှာ ဆေးကုသမှု ခံယူနေတာ ဆယ်ရက် ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ ကျန်းမာရေးဟာ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကာ သူ့အနေနဲ့ လမ်းလျှောက်ခြင်း ၊ လေ့ကျင့်ခန်း ဆင်းခြင်းတို့ကို ပြန်လည် လုပ်ဆောင်ဖို့ ကြိုးစား နေပြီဖြစ်ကြောင်းလည်း ပရိသတ်ကို အသိပေးပြောဆိုသွားခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရတဲ့ အချိန်တွေနဲ့ ပတ်သတ်ကာ ဒိုင်ဘာလာက –

Photo Credit: AS English.com

” ကျွန်တော်က ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ခံစားခဲ့ရပါတယ်။ ဒီနေ့မှာတော့ ပြန်ပြီးတော့ သက်သာလာနေပါပြီ။ အခု ကျွန်တော်က နေကောင်းလာပြီ။ လမ်းလျှောက်နိုင်ပြီ။ ပြီးတော့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လည်း ကြိုးစားနေပါပြီ။ ကျွန်တော် ခက်ခက်ခဲခဲကို အသက်ရှူ ခဲ့ရတဲ့အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေဆို ငါးမိနစ်လောက်ကို ဘာမှမလုပ်နိုင်ပါဘူး။ ခန္ဓာကိုယ်ကလည်း ကိုက်ခဲနေတာပါပဲ။ ကံကောင်းတာက အိုရီယာနာနဲ့ ကျွန်တော်က ပြန်ပြီးတော့ သက်သာလာပါပြီ ” လို့ ဖွင့်ဟပြောကြားသွားခဲ့တာပါ။ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်ဟာ မြန်မာနိုင်ငံမှာလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်တာကြောင့် ကျွန်တော်တို့ပရိသတ်တေ​ွ အနေနဲ့ လက်ဆေးခြင်း ၊ Masks တပ်ခြင်း ၊ အပြင်သွားရင် ခန္ဓာကိုယ်တစ်ခုလုံးကို အကာအကွယ် ဖြစ်စေမယ့် အဝတ်အစားတွေ ဝတ်ပြီးမှသာ သွားကြဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။