ဒီနှစ် ၂၀၂၀ ဘောလုံးရာသီအတွင်းမှာ ပုံစံကောင်းပြပြီး ပွဲတိုင်းကို အနိုင်ယူနေခဲ့တဲ့ ပဲခူးအခြေစိုက် ကလပ်အသင်း ဟံသာဝတီယူနိုက်တက်အသင်းကတော့ ဒီနေ့ နေ့လည်၄နာရီအချိန်မှာ မကွေးအသင်းနဲ့ မြန်မာနေရှင်လိဂ် ပွဲစဉ်(၅)အဖြစ် သုဝဏ္ဏကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ဟံသာဝတီကပဲ နိုင်ပွွဲဆက်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Hantharwady United Football Club Facebook

ပြီးခဲ့တဲဲ့ ဇန်နဝါရီလရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ထားတဲ့ ဒေါ်နယ် အမန်ခါတို့နဲ့အတူ ပွဲထွက်လာခဲ့တဲ့ ဟံသာဝတီအသင်းက မကွေးအသင်းထက် အဖက်ဖက်အသာရအောင် ကစားနိုင်ခဲ့ပြီး ဂိုးပေါက်တည့်ကန်ချက် ၅ကြိမ်ကနေ သွင်းဂိုး၃ဂိုးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးလေးမှာပဲ တိုက်စစ်ကစားသမား အမန်ခါကပဲ သွင်းဂိုး၂ဂိုးကို ဆက်တိုက်သွင်းယူခဲ့ပြီး ၆၆မိနစ်မှာတော့ ဒေါ်နယ်က ပွဲသိမ်းသွင်းဂိုးကို ရယူခဲ့ကာ အသင်းကို ၃ဂိုးပြတ်နဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဟံသာဝတီအသင်းဟာ ၅ပွဲ ကစားပြီးနောက် ရမှတ်၁၅မှတ် ပိုင်ဆိုင်ထားနိုင်ခဲ့ကာ ဒုတိယနေရာက ရန်ကုန်အသင်းထက် ၁ပွဲပိုကစားထားပြီး ၅မှတ်ကွာဟလို့နေပါတယ်။

Photo Credit : Hantharwady United Football Club Facebook

အဆင့်၂နေရာက ရန်ကုန်ယူနိုက်တက်အသင်းက မနက်ဖြန် YUSC ကွင်းအတွင်းမှာ အား/ကာသိပ္ပံအသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်လို့ နိုင်ပွဲရယူနိုင်ဖို့က အခြေအနေများလျက်ရှိနေပါတယ်။ မနက်ဖြန်စနေနေ့မှာပဲ ဒီရာသီမှာ ရှုံးပွဲမရှိသေးပဲ အဆင့်၃နေရာကို ရောက်ရှိလို့နေတဲ့ ဧရာဝတီအသင်းက ပုသိမ်ကွင်းအတွင်း Southern အသင်းနဲဲ့ ကစားရမှာဖြစ်တာကြောင့် ဧရာဝတီလည်း နိုင်ပွဲရဖို့ အခြေအနေများနေရပါတယ်။ ၅ပွဲကစားအပြီး နိုင်ပွဲတွေ တောက်လျှောက်ရရှိနေတဲ့ ဟံသာဝတီကတော့ နောက်တစ်ပတ် ၁၅ရက်နေ့မှာ အမှတ်ပေးဇယားရဲ့အဆင့်၄နေရာကိုတောင် ရယူထားနိုင်ခဲ့တဲ့ ရခိုင်ယူနိုက်တက်နဲ့ ဆုံတွေ့မှာဖြစ်လို့ ဟံသာဝတီအနေနဲဲ့ နေရှင်လိဂ်ချန်ပီယံဆုအတွက် ဒီပွဲမှာ အစမ်းသပ်ခံရတော့မှာဖြစ်ပါတယ်။