ဆွစ်ဇာလန်ရဲ့ နာမည်ကျော် သန်းကြွယ်သူဌေး တဦး ဖြစ်သူ ဟန်ဂျော့စ် ဝိုက်စ်ဟာ ရုရှားသူဌေး အေဘရာမိုဗစ်ချ် ပိုင်ဆိုင်တဲ့ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးကို ဝယ်ယူဖို့ တရားဝင် ကမ်းလှမ်းမှု တခု ပြုလုပ်ခဲ့ကြောင်း နာမည်ကြီး ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ရုရှားလူမျိုး နာမည်ကြီး သန်းကြွယ်သူဌေး အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ခုနှစ်မှ စတင်ကာ ချယ်လ်ဆီးကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ချယ်လ်ဆီးဟာ သာမန်အသင်း တသင်း အဖြစ် ကနေ ဥရောပရဲ့ ထိပ်သီးအသင်း တသင်း ဖြစ်လာတဲ့ အထိ တမုဟုတ်ချင်း တိုးတက် ပြောင်းလဲခဲ့ပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ အေဘရာမိုဗစ်ချ်ကို ချယ်လ်ဆီးရဲ့ ပဲ့ကိုင်ရှင်လို့ သတ်မှတ်ထားကြပေမယ့် လတ်တလောမှာ ဖြစ်ပေါ်နေတဲ့ ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် ရုရှားသူဌေးတွေ အပေါ် ပိတ်ဆို့မှုတွေ ၊ ဒဏ်ခတ်မှုတွေ ပိုမို ပြင်းထန်လာဖို့ ရှိနေတာကြောင့် အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ယူရို ၃ဘီလီယံ ရရင် ရောင်းချဖို့နဲ့ ချယ်လ်ဆီးကို ဝယ်ယူစဉ်က သူ ကုန်ကျခဲ့တဲ့ ငွေကြေးတွေနဲ့ အသင်းအတွက် စိုက်ထုတ်ပေးခဲ့တဲ့ ငွေကြေးတွေကို ဖယ်ပြီး ကျန်တဲ့ အမြတ်ငွေတွေ အားလုံးကို ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် နစ်နာခဲ့ရတဲ့ စစ်ဘေးသင့် ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ မိုဗစ်ချ်က ဆိုပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အေဘရာမိုဗစ်ချ်ရဲ့ ချယ်လ်ဆီးကို ဝယ်ယူဖို့ ကမ္ဘာတလွှားမှာ ရှိနေတဲ့ နာမည်ကြီး သန်းကြွယ်သူဌေးတွေ အများအပြားက စိတ်ဝင်စားနေကြပြီး ဆွစ်ဇာလန် သန်းကြွယ်သူဌေး ဟန်ဂျော့စ်က ချယ်လ်ဆီးကို ယူရို ၂ဘီလီယံနဲ့ ဝယ်ယူဖို့ စတင် ကမ်းလှမ်းခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Telegraph သတင်းဌာနက ဆိုပါတယ်။

အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးကို ယူရို ၃ဘီလီယံ အထိ ဈေးခေါ်ထားတာကြောင့် ဟန်ဂျော့စ်အနေနဲ့ ချယ်လ်ဆီးကို ယူရို ၂ဘီလီယံနဲ့ ဝယ်ယူနိုင်ဖွယ် မရှိပဲ အေဘရာမိုဗစ်ချ်နဲ့ ဟန်ဂျော့စ်တို့ ကြားမှာ တရားဝင် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါက နှစ်ဦးနှစ်ဖက်ကြားမှာ ယူရို ၂.၅ ဘီလီယံ ဝန်းကျင်နဲ့ ဈေးတည့်နိုင်ကြောင်း ဥရောပရဲ့ ဘဏ္ဍာရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။