MySport Myanmar

တပည့်ဟောင်း ပါရီဆစ်ကို အလွတ်နဲ့ ခေါ်ယူသွားမယ့် ဟန်ဆီ ဖလစ်ခ်

PSV ကနေ ထွက်ခွာလာပြီးနောက် ခရိုအေးရှား တောင်ပံကစားသမား အိုင်ဗန် ပါရီဆစ်ဟာ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိဖို့ ရှိနေပါတယ်။ ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က သူ့ရဲ့ ကစားသမားဟောင်း ပါရီဆစ်နဲ့ ပြန်လည် ပေါင်းစည်းဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Mundo Deportivo သတင်းစာရဲ့ ဖော်ပြချက်အရ အသက်(၃၆)နှစ်အရွယ် ပါရီဆစ်ဟာ ဘာစီလိုနာရဲ့ ပထမဆုံး နွေရာသီ အပြောင်းအရွှေ့ ခေါ်ယူမှုတွေထဲက တစ်ဦး ဖြစ်လာဖို့ မျှော်လင့်ရပါတယ်။ PSV မှာ (၁၆)ဂိုးသွင်းယူပြီး (၁၁)ဂိုး ဖန်တီးပေးခဲ့တဲ့ ထူးခြားတဲ့ ရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပြီးနောက် ဝါရင့် တောင်ပံကစားသမားဟာ ဒတ်ချ်ကလပ်ကနေ အလွတ်ကြေးနဲ့ ထွက်ခွာခဲ့ပြီး ဖလစ်ခ်နဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit : Bavarian Football Works

၂၀၁၉-၂၀ ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဖလား(၃)လုံး ဆွတ်ခူးခဲ့တုန်းက ပါရီဆစ်ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမန်နည်းပြ ဖလစ်ခ်ကတော့ သူ့ရဲ့ ကစားသမားဟောင်းကို ပြန်လည် ခေါ်ယူဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။ သူဟာ ပါရီဆစ်ရဲ့ အတွေ့အကြုံနဲ့ ကစားနိုင်စွမ်းတွေကို တန်ဖိုးထားပြီး အသွင်ကူးပြောင်းနေတဲ့ အသင်းအတွက် ကုန်ကျစရိတ်နည်းပြီး အကျိုးသက်ရောက်မှု မြင့်မားတဲ့ အားဖြည့်မှုတစ်ခုအဖြစ် မြင်နေတာပါ။

အားကစားဒါရိုက်တာ ဒေကိုကလည်း ကရိုအေးရှား ကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ပါရီဆစ်ကလည်း ဒီအပြောင်းအရွှေ့ကို စိတ်အားထက်သန်နေပြီး လာလီဂါဟာ သူ့ရဲ့ ထိပ်တန်းအဆင့် ကစားသမားဘဝရဲ့ နောက်ဆုံး ကဏ္ဍအတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်တစ်ခုအဖြစ် ရှုမြင်နေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ပါရီဆစ်ဟာ ၂၀၂၀ ခုနှစ်မှာ ဖလစ်ခ်လက်အောက်က ဘိုင်ယန်မှာ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးခဲ့ပြီး ဖလားသုံးလုံး ရရှိခဲ့တဲ့ စီမံကိန်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ နိုင်ငံတကာပွဲတွေမှာလည်း သူဟာ ခရိုအေးရှားနဲ့ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဒုတိယဆု ၂၀၂၂ မှာ တတိယဆု ရရှိခဲ့သလို ၂၀၂၃ Nations League ဖိုင်နယ်ကိုလည်း ရောက်ရှိခဲ့ပါတယ်။

ပါရီဆစ်ဟာ အင်္ဂါနေ့က ချက်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ခရိုအေးရှားအတွက် ပါဝင်ကစားခဲ့ပြီး (၆၈)မိနစ်မှာ ဂိုးသွင်းယူခဲ့ပါတယ်။ နိုင်ငံအသင်း တာဝန်တွေ ပြီးဆုံးသွားပြီဖြစ်လို့ ဝါရင့် တောင်ပံကစားသမားဟာ အသင်းသစ် ရှာဖွေဖို့ အာရုံစိုက်လာဖို့ ရှိနေပါတယ်။ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကို တက်ကြွစွာ ပြန်လည်ဖွဲ့စည်းနေတဲ့ ဘာစီလိုနာကတော့ လာမယ့်ရက်တွေအတွင်း သဘောတူညီချက်ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်နေပြီး အသက်(၃၆)နှစ်အရွယ် ကစားသမားဟာ ဖလစ်ခ်နဲ့ ပြန်လည် ပေါင်းစည်းနိုင်ဖွယ်ရှိနေပါတယ်။

Exit mobile version