မနေ့ညက အိုဆာဆူနာအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ ဘာစီလိုနာက (၄)ဂိုး (၂)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ရပြီး ဒီရှုံးပွဲက ဘာစီလိုနာအတွက်တော့ ဒီနှစ် ဘောလုံးရာသီ စပိန် လာလီဂါပြိုင်ပွဲအတွင်း ပထမဆုံး ရှုံးပွဲ ကြုံတွေ့လိုက်ရပြီး နိုင်ပွဲတွေလည်း ရပ်တန့်သွားခဲ့ရပါတယ်။
ဘာစီလိုနာဟာ နည်းပြသစ် ဟန်ဆီ ဖလစ်ခ် လက်ထက်မှာ လာလီဂါ (၇)ပွဲဆက်တိုက်အထိ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့အတူ လာလီဂါမှာ ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပေမယ့် အိုဆာဆူနာနဲ့ ပွဲမှာတော့ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ ယာမားလ် ရာဖင်ဟာတို့လို အဓိက ကစားသမားတွေကို ချန်လှပ်ထားခဲ့ခြင်းနဲ့အတူ အသင်းက ရလဒ်ဆိုးသွားခဲ့ရပါတယ်။
Photo Credit : The New York Time
ဘာစီလိုနာအနေနဲ့ ကြားရက်မှာ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အလှည့်ကျ ကစားသမား အသုံးပြုမှုကို ရွေးချယ်လိုက်တာ ဖြစ်ပေမယ့် အသင်းမှာ လူငယ်အသင်းက ကစားသမားတွေပါ ပါဝင်လာခဲ့ရပြီး အိမ်ကွင်းမှာဆို ပုံစံကောင်းပြနေတဲ့ အိုဆာဆူနာကို မယှဉ်နိုင်ခဲ့ပဲ ရှုံးပွဲကြုံတွေ့လိုက်ရပါတယ်။
ဒီပွဲအပြီးမှာတော့ နည်းပြ ဟန်ဆီ ဖလစ်ခ်က “ဒီအရှုံးကို ကျွန်တော်တို့ လက်ခံရပါမယ်။ ကျွန်တော်တို့ ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက် ကျွန်တော် တာဝန်ယူပါတယ်။ ကျွန်တော်တို့ အမှားတွေလည်း များစွာ လုပ်ခဲ့မိတယ်။ အသင်းကိုလည်း အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့တာက အကြောင်းအရင်း တစ်ခု ဖြစ်နိုင်ပါတယ်။”
Photo Credit : Goal
“ဒါပေမယ့် ဒီလို လုပ်ဆောင်ဖို့ကလည်း လိုအပ်ပါတယ်။ ကစားသမားတွေက မိနစ်ပေါင်းများစွာ ကစားထားခဲ့ရသလို ရှေ့မှာလည်း ကစားရမယ့် ပွဲတွေက အများကြီး ကျန်နေပါသေးတယ်။ ဒီရှုံးပွဲအတွက် ကျွန်တော် တာဝန်ယူတယ်လို့ အသင်းကိုလည်း ပြောထားခဲ့ပါတယ်။ အင်္ဂါနေ့မှာ အရေးကြီးတဲ့ ပွဲတစ်ပွဲလည်း ရှိနေတယ်။”
“ကျွန်တော်တို့အသင်းက လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှာဆိုရင်တော့ ကစားသမား တော်တော်များများ ပြန်လာနိုင်မှာပါ။ အဲ့ဒီအခါကျရင် ကျွန်တော်တို့အတွက် ရွေးချယ်စရာ ပိုများလာပါလိမ့်မယ်။ အခုကတော့ ကျွန်တော်တို့မှာ တခြား ရွေးချယ်စရာ သိပ်မရှိလို့ ကစားသမားတွေကို ဂရုစိုက် ရွေးချယ်ဖို့က ကျွန်တော့် တာဝန် ဖြစ်နေရပါတယ်။” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။