MySport Myanmar

ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးမှုတွေပါ စတင် လုပ်ဆောင်နေတဲ့ ဟန်ဆီ ဖလစ်ခ်

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမနီ လက်ရွေးစင်အသင်းတို့ရဲ့ နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ဟာ လက်ရှိမှာတော့ ဘာစီလိုနာရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး အခြေအနေမှာ ရှိနေရပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပြီလို့ နာမည်ကြီး ဘောလုံးသတင်းထောက် ဖလော်ရန် ပလက်တန်ဘက်ချ်က ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းရဲ့ လက်ရှိနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်လို့ တရားဝင် အသိပေးထားခဲ့သလို အသင်းဥက္ကဌ ယိုဟန် လာပေါ်တာကပါ ဇာဗီကို တစ်ရာသီလောက် ဆက်ထိန်းထားချင်နေတာတောင် ဇာဗီကတော့ သူ့ဆုံးဖြတ်ချက်ကို ပြင်တော့မှာ မဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။

Photo Credit : DW

ဒါကြောင့် ဘာစီလိုနာက အသင်းနည်းပြ ရာထူးအတွက် နည်းပြများစွာကို ရှာဖွေလာခဲ့ရပြီး ရောဘတ်တို ဒီဇာဘီ ၊ သောမတ်စ် တူဟယ်လ် ၊ ဟန်ဆီ ဖလစ်ခ် ၊ သီယာဂို မော့တာ ၊ ရာဖာ မားကွက်ဇ်တို့နဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ရပါတယ်။

ဇာဗီ အသင်းကနေ ထွက်ခွာတော့မယ်လို့ အသိပေး ထုတ်ပြန်ပြီးနောက်ပိုင်းမှာ ဘာစီလိုနာနဲ့ စတင် သတင်းထွက်လာတဲ့ နည်းပြတွေထဲ ဟန်ဆီ ဖလစ်ခ်လည်း ပါဝင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို ကိုင်တွယ်ခဲ့စဉ်တုန်းက ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီထဲမှာပဲ ဖလား (၃)လုံးအထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ဒါ့အပြင် တစ်နှစ်တာအတွင်းမှာပဲ ဆုဖလား (၆)လုံးအထိ ရယူနိုင်ခဲ့တဲ့ ဖလစ်ခ်က ဘိုင်ယန်ကနေ ထွက်ခွာပြီး ဂျာမနီနည်းပြရာထူးကို ပြောင်းလဲရယူလိုက်ချိန်မှာပဲ သူရဲ့ အောင်မြင်မှုတွေက ကျဆင်းသွားခဲ့ရပါတယ်။ ၂၀၂၂ကမ္ဘာ့ဖလားမှာလည်း အုပ်စုအဆင့်နဲ့ပဲ ကျေနပ်လိုက်ရပြီး ဂျာမနီအသင်း သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အထုတ်ပယ်ခံရတဲ့ နည်းပြတစ်ဦးအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဖလစ်ခ်ဟာ ဘိုင်ယန်နဲ့အတူ ဘယ်သူမှ မထင်ထားတဲ့ အောင်မြင်မှုတွေကို ရရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် သူ့ကို ဘာစီလိုနာဘက်က စိတ်ဝင်စားနေတာဖြစ်ပြီး အခုဆိုရင် ဆွေးနွေးမှုတွေလည်း စတင်နေပြီဖြစ်လို့ ဖလစ်ခ်က ဘာစီလိုနာ နည်းပြရာထူးအတွက် လုံးဝ ရေပန်းစားလာခဲ့ပါတယ်။

Exit mobile version