ဂျာမနီ လက်ရွေးစင်အသင်း နည်းပြဖြစ်သူ ဟန်ဆီ ဖလစ်ခ်ကတော့ အသင်းရဲ့ ရလဒ်တွေ စွမ်းဆောင်ရည် အတော်လေး စုတ်ပြတ်သပ်နေသည့်တိုင်အောင် သူက ဂျာမနီအသင်းအတွက် အသင့်တော်ဆုံး နည်းပြတစ်ဦး ဖြစ်နေဆဲလို့ ယုံကြည်မှု အပြည့်နဲ့ ပြောဆိုလာခဲ့ပါတယ်။
ဟန်ဆီ ဖလစ်ခ်ရဲ့ ဂျာမနီအသင်းဟာ မနေ့ညကပဲ ဂျာမနီနိုင်ငံ ဝုလ်ဖ်ဘတ်ကွင်းမှာ ဂျပန်အသင်းနဲ့ နိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲကို ဆင်နွဲခဲ့ရာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ရှုံးကြွေးကို ပြန်မဆပ်နိုင်ခဲ့တဲ့အပြင် (1-4) ဆိုတဲ့ ရလဒ်နဲ့ပါ မရှုမလှ ရှုံးနိမ့်သွားခဲ့ရပါတယ်။
Photo Credit : Germany Twitter
ဒီရှံးပွဲကြောင့်ပဲ ဂျာမနီအသင်းဟာ နောက်ဆုံးကစားထားခဲ့တဲ့ ခြေစမ်းပွဲ (၃)ပွဲဆက်တိုက်အထိ ရှုံးပွဲဆက်ထားခဲ့ရသလို (၅)ပွဲဆက်တိုက်အထိလည်း န်ိုင်ပွဲပျောက်ဆုံးထားခဲ့ရပါတယ်။ ဒါဟာ ယူရို-၂၀၂၄ပြိုင်ပွဲကြီးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် ဂျာမနီအသင်းအတွက်တော့ တကယ့်ကို အရှက်ရစရာ ရလဒ်တွေ ဖြစ်နေရပါတယ်။
ဒါပေမယ့် ဒီလို ရလဒ်တွေ ဖြစ်နေသည့်တိုင် ဂျာမနီနည်းပြ ဖလစ်ခ်ကတော့ သူ့ကိုယ်သူ ယုံကြည်နေဆဲ ဖြစ်ကြောင်း “ဂျာမနီအသင်းရဲ့ နည်းပြရာထူးအတွက် ကျွန်တော့်ကိုယ်ကျွန်တော် မှန်ကန်တဲ့ လူတစ်ဦးလို့ ခံစားမိနေတုန်းပါပဲ။ ဒါပေမယ့် ဘောလုံးလောကကြီးက အရမ်းကို လျင်မြန် သွက်လက်နေတာကိုလည်း ကျွန်တော် သိပါတယ်။”
Photo Credit : Fabrizio Romano
“ဒါကြောင့် နောက်ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ ကျွန်တော် မခန့်မှန်းတက်ပါဘူး။ ကျွန်တော် နဲ့ ကျွန်တော်ရဲ့ နည်းပြအဖွဲ့ဝင်တွေက အသင်းအတွက် ပြီးပြည့်စုံတဲ့ ပုံစံနဲ့ ပြင်ဆင်သွားဖို့ အကောင်းဆုံး ကြိုးစားနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
နည်းပြ ဖလစ်ခ်ရဲ့ လက်ထက်မှာ ဂျာမနီအသင်းက ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ခြင်း မရှိသလို အခုလည်း ခြေစမ်းပွဲ (၆)ပွဲအထိ ယှဉ်ပြိုင်ထားရာမှာ ပီရူးတစ်သင်းတည်းကိုသာ အနိုင်ရထားပြီး ယူကရိန်းကို သရေ ဘယ်လ်ဂျီယံ ပိုလန် ကိုလံဘီယာ နဲ့ ဂျပန်တို့ကို အရှုံးပေးထားခဲ့ရပါတယ်။