MySport Myanmar

ဟန်ဆီ ဖလစ်ခ်ကိုလည်း နည်းပြသစ်အဖြစ် လျာထားသေးတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ဒီရာသီအကုန်မှာ အသင်းနဲ့ လမ်းခွဲသွားတော့မယ့် နည်းပြ ဇာဗီ ဟာနန်ဒက်ဇ်နေရာမှာ အစားထိုးဖို့အတွက် နည်းပြအများအပြားကို စောင့်ကြည့်လျက် ရှိနေပြီး အဲ့ဒီထဲမှာ နည်းပြ ဟန်ဆီ ဖလစ်ခ်လည်း အပါအဝင် ဖြစ်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီး ဇာဗီက အခုဆိုရင် အသင်းနဲ့ (၂)နှစ်ဝန်းကျင်လောက်အထိ လက်တွဲထားပြီးချိန်မှာ အသင်းရဲ့ အားရစရာမရှိတဲ့ ရလဒ် အခြေအနေတွေကြောင့် ရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ်ဆိုပြီး တရားဝင် အသိပေးလာခဲ့ပါတယ်။

Photo Credit : Bundesliga

တကယ်ဆိုရင် ဘာစီလိုနာရဲ့ အသင်းဥက္ကဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ကလည်း ဇာဗီရဲ့ စွမ်းဆောင်မှုတွေအပေါ် သံယယတွေ ဝင်နေကြပြီး အနည်းဆုံးတော့ ရာသီအကုန်လောက်မှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့လည်း ဇာဗီ မထုတ်ပြန်ခင်လောက်ကတည်းက ကြိုတင် တွေးဆထားဖွယ်ပါ ရှိနေပါတယ်။

အခုကတော့ ဇာဗီလည်း တရားဝင် အသိပေး ထုတ်ပြန်လိုက်ပြီဖြစ်လို့ ဘာစီလိုနာအနေနဲ့ နည်းပြသစ်တစ်ဦးကို မဖြစ်မနေ ရှာဖွေရတော့မှာဖြစ်ပြီး ဒီအတွက်လည်း နည်းပြ အမြောက်အများကို ချိန်ရွယ်လျက် ရှိလို့နေပါတယ်။ ဒီလို ဘာစီလိုနာ အလိုရှိနေတဲ့ နည်းပြတွေ စာရင်းမှာ ဘိုင်ယန် နဲ့ ဂျာမနီ နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်ပါ ပါဝင်လို့နေပါတယ်။

Photo Credit : Bayern Muchen CF

လာမယ့်ရာသီမှာ လီဗာပူးလ်နဲ့ လမ်းခွဲတော့မယ့် ဂျာမနီလူမျိုး နည်းပြကြီး ကလော့ပ်ကို ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အသင်းအတွက် အလိုချင်ဆုံး ဖြစ်ပေမယ့်လည်း ကလော့ပ်က နည်းပြအလုပ်ကနေ တစ်နှစ်နီးပါးလောက် အနားယူနိုင်တာမို့ ကလော့ပ်လို ဂျာမန်လူမျိုးဖြစ်တဲ့ ဟန်ဆီ ဖလစ်ခ်က option တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဖလစ်ခ်က ဂျာမနီအသင်းမှာ ဘာမှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ဘိုင်ယန်နည်းပြဘဝ ပွဲဦးထွက် ရာသီမှာပဲ ချန်ပီယံလိဂ်ဖလား အပါအဝင် တစ်ရာသီအတွင်း ဆုဖလား (၃)လုံး ရယူပေးနိုင်ခဲ့ပြီး ဖလစ်ခ်အနေနဲ့ ဘိုင်ယန်ကို ကိုင်တွယ်ခဲ့တဲ့ နှစ်အနည်းငယ်လေးအတွင်း ဆုဖလား (၇)လုံးအထိ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Exit mobile version