ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က ဆိုစီဒက်အသင်းကို (၁)ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ သူတို့အသင်းအပေါ် ဆုံးဖြတ်ချက် အမှားတွေ ချမှတ်ခဲ့တဲ့ ဒိုင်တွေထက် ဒီတစ်ပွဲလုံးမှာ ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်နေရတဲ့ တစ်သင်းလုံးရဲ့ အမှားကသာ ပိုများခဲ့တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။
လာလီဂါမှာ အိုဆာဆူနာ တစ်သင်းတည်းကိုသာ ရှုံးထားခဲ့ပြီး ကျန်တဲ့ ပွဲတွေအားလုံး နိုင်ပွဲရထားခဲ့တဲ့ ဘာစီလိုနာက အခု ဆိုစီဒက်နဲ့ ပွဲစဉ်မှာတော့ တောင်ပံကစားသမားလေး ယာမားလ် မပါဝင်နိုင်ခဲ့ရာကနေ တိုက်စစ်က အားနည်းခဲ့ရသလို ကစားသမား အများစုဟာလည်း ပုံမှန်ခြေစွမ်းမျိုးတောင် မပြနိုင်ခဲ့ဘဲ ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : Barca Universal
ဒါ့အပြင် ဒီပွဲအတွင်း VAR ဆုံးဖြတ်ချက်တွေကလည်း အငြင်းပွားဖွယ်ရာတွေ ဖြစ်ခဲ့ရပြီး လီဝန်ဒေါစကီး သွင်းယူခဲ့တဲ့ အစောပိုင်း သွင်းဂိုးကိုလည်း လူကျွံနေတယ်ဆိုကာ ပယ်ဖျက်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနည်းပြ ဖလစ်ခ်ကတော့ ဒိုင်တွေကို အပြစ်တင်ဖို့ထက် အမှားများခဲ့တဲ့ သူတို့အသင်းကိုသာ အပြစ်တင်ရမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
“ကျွန်တော် ပုံတွေကို မြင်ပါတယ်။ ဒီဂိုးက တရားဝင်တဲ့ သွင်းဂိုးပါပဲ။ ဒီဂိုးကို ခွင့်မပြုဘဲ ပယ်ဖျက်လိုက်တာ မှားတယ်လို့ ဒိုင်လူကြီးကို ကျွန်တော် ပြောခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ဒိုင်တွေကိုပဲ အပြစ်လိုက်တင်နေလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့က လူသားတွေ ဖြစ်လို့ အမှားတွေကိုလည်း လုပ်တက်ကြတာ။ ဒီနေ့မှာ ကြီးမားတဲ့ အမှားတွေကို ကျွန်တော်တို့က လုပ်ဆောင်မိခဲ့တာ။”
Photo Credit : Barca Universal
“ကျွန်တော်တို့ အစပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် သူတို့က ကျွန်တော်တို့ကို ဖိအားတွေ ပေးလာခဲ့တယ်။ Long ball တစ်ကြိမ်နဲ့ သူတို့အသင်းကို လွတ်လွတ်ကျွတ်ကျွတ် ဂိုးတွေသွင်းဖို့လည်း အခွင့်အရေးပေးခဲ့မိပါသေးတယ်။ ဒီပွဲမှာ သူတို့အသင်းက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ကတော့ ဆုံးဖြတ်ချက် အမှားတွေ ရှိခဲ့ပါတယ်။”
“ဒီပွဲမှာ ကျွန်တော်တို့က အရင်ပွဲတွေကလိုမျိုး ဖန်တီးမှုတွေ များစွာကိုလည်း မလုပ်ဆောင်နိုင်ပါဘူး။ ရှုံးပွဲနဲ့ ပတ်သက်ပြီးတော့ တခြားအရာတွေထက် ကျွန်တော်တို့ကိုပဲ အပြစ်တင်ရမှာပါ။ ကျွန်တော်တို့က ဒီပွဲမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်။” လို့ ဟန်ဆီ ဖလစ်ခ်က ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာဟာ ဒီပွဲစဉ်မှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရှိခဲ့ဘဲတောင် ဖြစ်ခဲ့ရပါတယ်။