ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သူ ဟာမန်းကတော့ ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေခဲ့ပြီးနောက် သူ့ရဲ့ အသင်းဟောင်းဟာ လက်ရှိနည်းပြ ယာဂင် ကလော့ပ်နဲ့ မကြာခင်မှာ လမ်းခွဲတော့မယ်လို့ ခံစားနေရကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့အတူ နောက်ဆုံးပွဲ အထိ ချန်ပီယံဆုကို ယှဉ်ပြိုင်ခဲ့ရတဲ့ လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာတော့ ကစားသမားပိုင်း ကြီးကြီးမားမား အပြောင်းအလဲ မရှိခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၈ပွဲ ကစားထားရာ ၂ပွဲနိုင် ၄ပွဲသရေ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိထားကာ အမှတ်ပေးဇယားရဲ့ အဆင့်၁၀နေရာ အထိ ရောက်ရှိနေပါတယ်။

Photo Credit: The Sun

လီဗာပူးက ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၁၀) အပြီးမှာပဲ အဆင့်(၁)နေရာမှာ ရှိနေတဲ့ အာဆင်နယ်ထက် တပွဲသာ လျော့ထားပေမယ့် ရမှတ် ကွာဟချက်က ၁၄မှတ် အထိ ရှိနေပြီး အဆိုပါ ရမှတ်ကွာဟချက်ကြောင့်ပဲ လီဗာပူးအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါ့အပြင် အဆင့်(၅) နေရာမှာ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့တောင် ရမှတ် ၅မှတ် ပြတ်နေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် အတွက်ပါ အတော်လေး ရုန်းကန် ကြိုးစားရပါဦးမယ်။

ဒါကြောင့်ပဲ လက်ရှိအထိ လီဗာပူးနဲ့ အဆက်အသွယ် ရှိနေတဲ့ ဂန္တဝင် ကွင်းလယ်လူကြီး ဟာမန်းက ကလော့ပ်နဲ့ လီဗာပူးတို့ရဲ့ ကြားမှာ အစေးကပ်မှု သိပ်မရှိတော့ပဲ မကြာခင်မှာ လီဗာပူးနဲ့ ကလော့ပ်တို့ရဲ့ လမ်းခွဲကို မြင်တွေ့ရနိုင်ကြောင်းနဲ့ ရလဒ်တွေ ဆိုးဝါးလာချိန်မှာ ကလော့ပ်ဟာ ဖိအားတွေအောက်ကို စတင် ရောက်ရှိနေကြောင်း ပြောလာပါတယ်။

Photo Credit: The Sun

ဟာမန်းက – “မကြာခင်တော့ ကျွန်တော်တို့က ကလော့ပ်ရဲ့ အနာဂတ်အကြောင်းကို စကားစပြောရတော့မယ်လို့ ထင်ပါတယ်။ ဘယ်အချိန်လဲတော့ မသိပေမယ့် သိပ်ပြီး မဝေးတော့သလိုပါပဲ။ ကလော့ပ်က သူဟာ လီဗာပူးနည်းပြရာထူးနဲ့ အသင့်တော်ဆုံး လူတယောက် ဖြစ်သလို သူက လီဗာပူးနဲ့အတူ အောင်မြင်မှုတွေ ထပ်ယူနိုင်ဦးမယ်လို့ ပြောထားပါတယ်။ ဒါပေမယ့် ကျွန်တော်က အာဆင်နယ်နဲ့ပွဲမှာ လူစားလဲခံရလို့ မထွက်ချင်ပဲ ခေါင်းခါနေတဲ့ ဟန်ဒါဆန်ရဲ့ အပြုအမူကို မြင်ခဲ့ရပါတယ်။ ဒါက ပြီးခဲ့တဲ့ ၅နှစ်တာ ကာလအတွင်းမှာ တခါမှ မမြင်ခဲ့ရတဲ့ အပြုအမူမျိုးပါ။ ဒီလို သေးငယ်တဲ့ အပြုအမူတွေက အသင်းနဲ့ နည်းပြကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီ ဆိုတာကို ပြသနေပါတယ်။ လီဗာပူးကလည်း တခြားအသင်းတွေနဲ့ အတူတူပါပဲ။ ရလဒ်တွေ ဆိုးဝါးလာရင် နည်းပြအပေါ်ပဲ ဖိအားတွေ ရောက်လာမှာပါ။ ဒီတော့ ကလော့ပ်က ဖိအားတွေကို ခံစားနေရပါပြီ” လို့ ပြောကြားသွားခဲ့တာပါ။