နာမည်ကျော် ဂျာမန်ဘွန်ဒက်လီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ လာမယ့်ရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ဟန်ပြင်လို့နေပြီး လတ်တလောမှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ ဝါနာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ သူ့အပေါ် စိတ်ဝင်စားမှုတွေအပေါ်မှာ သဘောကျခြင်းမရှိပဲ သူလေးစားအားကျရတဲ့ နည်းပြကြီး ယာဂင်ကလော့နဲ့သာ လီဗာပူးလ်မှာ လက်တွဲလိုနေတယ်လို့ သိရှိရတာကြောင့် ဝါနာနဲ့ လီဗာပူးလ်အသင်းတို့ သတင်းတွေ ပိုမိုလှုပ်ခတ်လာခဲ့ရပါတယ်။

Photo Credit : Daily Express

ဒါပေမယ့် ဝါနာအနေနဲ့သာ လီဗာပူးလ်အသင်းကို လာမယ့်နွေရာသီစျေးကွက်အတွင်းမှာ ပြောင်းရွှေ့လာခဲ့ဖြစ်မယ်ဆိုရင် ဒီအပြောင်းအရွှေ့က လီဗာပူးလ်အတွက် အမှားတစ်ခုသာဖြစ်လာနိုင်တယ်လို့ လီဗာပူးလ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမားဟောင်း ဟာမန်းက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဝါနာဟာ လိုက်ပ်ဇစ်အသင်းမှာ အတော်လေးကို တောက်ပခဲ့တဲ့ တိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပေမယ့် သူသာ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့မယ်ဆိုရင် အသင်းမှာရှိနေတဲ့ တိုက်စစ်မှူးသုံးယောက်ရဲ့ အချိတ်အဆက်တောင် ပျက်သွားနိုင်ပြီး သူရဲ့ကစားဟန်နဲ့လည်း အသင်းမှာ အံ့မဝင်နိုင်ဘူးလို့ ကောက်ချက်ချပြောဆိုလာခဲ့ပါတယ်။

Photo Credit : En24News

ဟာမန်းက ဝါနာနဲ့ပတ်သက်ပြီး “ဝါနာအနေနဲ့ ယာဂင်ကလော့နဲ့ လီဗာပူးလ်အသင်းပေါ်မှာ သူဘယ်လောက်တောင် စိတ်ဝင်စားမှုတွေရှိနေသလဲဆိုတာကို မကြာခဏ ထုတ်ဖော်ပြသတတ်ပါတယ်။ ဒါပေမယ့် ခက်တာက လီဗာပူးလ်အသင်းမှာ တကယ့်ကိုကောင်းပေ့ဆိုတဲ့ တိုက်စစ်မှူး(၃)ယောက်တောင် ရှိနေသေးတယ်လေ။ သင်က တောင်ပံတွေ အစွန်တွေမှာ ကစားတတ်တဲ့သူဆိုရင်တော့ ဆာလာ မာနေးတို့ကို ကျော်ဖြတ်ပြီး နေရာရဖို့ဆိုတာ မလွယ်သလို ဝါနာကိုယ်တိုင်ကလည်း အဲ့ဒီနေရာတွေမှာ မကစားတတ်ပါဘူး။ ဆိုတော့ ဝါနာကို နေရာပေးဖို့အတွက်ဆိုရင် မာနေး ဆာလား ဖာမီနိုတို့ရဲ့အထိုင်ပျက်သွားနိုင်ပါတယ်။ ဝါနာကိုယ်တိုင်လည်း လီဗာပူးလ်မှာ ရုန်းကန်ရနိုင်ပါတယ်” လို့ သူရဲ့ထင်မြက်ချက်အတိုင်း ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွှယ် ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမားဝါနာကို ချယ်လ်ဆီး နာပိုလီ မန်ချက်စတာယူနိုက်တက် ဘာစီလိုနာအသင်းတွေကနေလည်း အပြိုင်အဆိုင်စိတ်ဝင်စားလို့နေပြီး ဝါနာနဲ့ လိုက်ပ်ဇစ်အသင်းတို့ရဲ့ချုပ်ဆိုထားတဲ့စာချုပ်စည်းမျဉ်းအရ လာမယ့်ဇွန်လ (၁)ရက်နေ့ကနေ (၁၅)ရက်နေ့အထိ သူရဲ့ ပေါင်(၅၂)သန်းတန် စာချုပ်လျော်ကြေးတန်ဖိုး စတင်သက်ရောက်တော့မှာလည်းဖြစ်ပါတယ်။