ဥရောပရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ လီဗာပူး ၊ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ စီးတီးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂန္တဝင် ကစားသမားကြီး ဟာမန်းက ဒီတပတ်ထဲမှာပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တပွဲထဲနဲ့ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားတဲ့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းထက် ပိုကောင်းတဲ့ တိုက်စစ်မှူး ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ဒေါ့မွန်ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် သွင်းဂိုးတွေ တရစပ် သွင်းယူထားသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၃၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၉ဂိုး အထိ သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Kicker

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက အာလင်း ဟာလန်းကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ အကောင်းဆုံး တိုက်စစ်မှူးလို့ တင်စားနေကြပြီး မန်ချက်စတာ စီးတီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ဟာမန်းကတော့ ဟာလန်းဟာ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ထားပေမယ့် ဟာလန်းထက် ပိုကောင်းတဲ့ တိုက်စစ်မှူး တဦး ရှိကာ အဲ့ဒီ တိုက်စစ်မှူးဟာ နာပိုလီတိုက်စစ်မှူး အိုဆီမန် ဖြစ်ကြောင်း ဆိုလာပါတယ်။

အသက် ၂၄နှစ် အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က ဒီရာသီမှာ နာပိုလီကို စီးရီးအေပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာဆီ ရောက်အောင် ကူညီပေးထားတဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက ဒီရာသီမှာ နာပိုလီအတွက် ၂၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Kicker

သွင်းဂိုးချင်း ​ယှဉ်ကြည့်ရင် ဟာလန်းက အိုဆီမန်ထက် ၁၆ဂိုး ပိုသွင်းထားပေမယ့် ဟာမန်းကတော့ အိုဆီမန်ဟာ ဟာလန်းထက် ပိုကောင်းတယ်လို့ ယုံကြည်ထားပြီး အိုဆီမန်ရဲ့ ကစားကွက်ဖော်မှု ၊ လျင်မြန်မှုနဲ့ နေရာစုံမှာ ဆော့ကစားနိုင်မှု စတဲ့ အရည်အသွေးတွေကို သဘောကျကြောင်း ပြောလာပါတယ်။

ဟာမန်းက – “ကျွန်တော်ကတော့ အိုဆီမန်က ဟာလန်းထက် ပိုပြီး ပြည့်စုံတဲ့ တိုက်စစ်မှူးလို့ ထင်ပါတယ်။ အိုဆီမန်ရဲ့ ကစားကွက် ပုံဖော်နိုင်စွမ်းက အတော်လေး ကောင်းပါတယ်။ ဟာလန်းက အရမ်းကို တိုက်ရိုက် ဆန်တဲ့ တိုက်စစ်မှူးပါ။ (ဂိုးသွင်းဖို့ တခုထဲသာ လုပ်တတ်မှုကို ရည်ရွယ်လျက်) ဒါကြောင့်ပဲ ကျွန်တော်က သူဟာ မန်စီးတီးနဲ့ အံဝင်ပါ့မလား ဆိုပြီး စိတ်ပူခဲ့မိပါတယ်။ သူက အခုချိန်မှာ ကျွန်တော့်ရဲ့ အတွေးတွေ မှားယွင်းကြောင်းကို သက်သေပြထားနိုင်တယ်လို့ ပြောရင် ရမယ် ထင်ပါတယ်။ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်က အရမ်းကို ကောင်းတယ်လေ။ ဒါပေမယ့် မန်စီးတီးက ဒီရာသီမှာ ဖလားလက်မဲ့ ဖြစ်သွားနိုင်ပါသေးတယ်။ အခုချိန်မှာ ထိပ်သီးအသင်းတိုင်းက အိုဆီမန်ကို ခေါ်ယူဖို့ ကြိုးစားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးမို့လို့ပါ” ဆိုပြီး အိုဆီမန်ကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။