ယခုနှစ် ဘောလုံးရာသီမှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်နဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြထားနိုင်တဲ့ တိုက်စစ်မှူး ဟယ်လာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘင်ဖီကာ ၂-၂ အေဂျက် ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ် သမိုင်းတလျှောက် ပထမဦးဆုံး ကစားခွင့်ရတဲ့ ၇ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကစားသမား အဖြစ် စံချိန် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Standard

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူး ဟယ်လာဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဝက်စ်ဟမ်းကနေ အေဂျက်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၂.၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး အေဂျက်ထံ စတင် ရောက်ရှိချိန်မှာပဲ အသင်းရဲ့ ကစားကွက်နဲ့ ချက်ချင်းဆိုသလို အံဝင်ခွင်ကျ ဖြစ်ခဲ့ကာ သွင်းဂိုးတွေ အများအပြား သွင်းယူထားနိုင်သူပါ။

ဟယ်လာဟာ ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၂၉ပွဲ ပါဝင် ကစားပေးထားရာ ၂၉ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၇ပွဲ ကစားထားရာမှာ သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၇ပွဲ ကစား ၁၁ဂိုး အထိ သွင်းယူထားနိုင်တာကြောင့်ပဲ ဟယ်လာဟာ ယခုနှစ် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို အရယူဖို့ အတွက် လီဝမ်ဒေါစကီး ၊ ဆာလာတို့နဲ့ အပြိုင် ရေပန်းစားနေပါတယ်။

လက်ရှိမှာတော့ အေဂျက်နဲ့အတူ ခြေစွမ်းပြနေတဲ့ ဟယ်လာကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး တချို့က စိတ်ဝင်စားနေကြပြီး အဆိုပါအသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်လို အင်အားကြီးကလပ်လည်း ပါဝင်နေပေမယ့် ဟယ်လာကတော့ အေဂျက်နဲ့အတူ နောက်ထပ် ၁ရာသီလောက် ထပ်မံ ကစားဖို့ ဆုံးဖြတ်ထားပါတယ်။