MySport Myanmar

ဝှေးစေ့ကင်ဆာ ရှိနေတာကြောင့် ဆေးကုသမှု ခံယူရမယ့် ဒေါ့မွန်ကြယ်ပွင့် ဟယ်လာ

မကြာသေးမီကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ ဒေါ့မွန်ထံ ပြောင်းရွှေ့ကြေး ပေါင် ၃၁သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဟယ်လာက ဝှေးစေ့ကင်ဆာ ရှိနေတာကြောင့် ဆေးကုသမှုတွေ ခံယူနေရကြောင်း ဒေါ့မွန်က တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အိုင်ဗရီကို့စ် တိုက်စစ်မှူး ဟယ်လာက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ဒေါ့မွန်က သူတို့အသင်းကနေ ထွက်ခွာသွားတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းရဲ့ နေရာအတွက် ဟယ်လာကို ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပြီး ဟယ်လာက ဒေါ့မွန်နဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Mirror

ဟယ်လာက ဒေါ့မွန်အတွက် တရားဝင်ပွဲတွေ ဝင်ရောက် ကစားပေးနိုင်ခြင်း မရှိသေးပဲ အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ်တွေ ပြုလုပ်နေချိန်မှာ ဝှေးစေ့အတွင်း အကြိတ် ရှိနေကြောင်းကို စစ်ဆေး တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါ့မွန်ရဲ့ ထုတ်ပြန် ကြေညာချက်မှာတော့ ဟယ်လာက တနင်္လာနေ့ မနက်ပိုင်းမှာပဲ ရောဂါအခြေအနေ ဆိုးလာတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဝှေးစေ့မှာ အကြိတ်ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့ပြီး ယခုအချိန်မှာတော့ ကစားသမားဟာ သူ့ရဲ့ မိသားစုနဲ့အတူ ပြန်လည် နေထိုင်နေကာ လာမယ့်ရက်ပိုင်း အတွင်း ဆေးစစ်မှုတွေနဲ့ ဆေးကုသမှုတွေ ဆက်လက် ပြုလုပ်ဖို့ ရှိနေကြောင်း ပါဝင်ပါတယ်။

Photo Credit: Mirror

ဒေါ့မွန်က – “ကျွန်တော်တို့ရဲ့ တိုက်စစ်မှူး ဟယ်လာက ကျန်းမာရေး ဆိုးဝါးလာတာကြောင့် ဒေါ့မွန်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကနေ ခေတ္တခဏ အနားယူနေရပါတယ်။ ဟယ်လာက ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်မှာပဲ မသက်မသာ ဖြစ်နေတာကြောင့် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာ သူ့ရဲ့ ဝှေးစေ့မှာ အကြိတ်တခု ရှိနေတာကို စစ်ဆေး တွေ့ရှိရပါတယ်။ ကျွန်တော်တို့က လာမယ့်ရက်ပိုင်း အတွင်း ဟယ်လာရဲ့ ရောဂါနဲ့ ပတ်သတ်ပြီး ဆေးစစ်မှုတွေနဲ့ ဆေးဝါးကုသမှုတွေ ဆက်လက် ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကစားသမားနဲ့ သူ့ရဲ့ မိသားစုဝင်တွေ အတွက် မေးခွန်းထုတ်မှုတွေ မလုပ်ကြဖို့လည်း မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့က ဟယ်လာရဲ့ ကျန်းမာရေး အခြေအနေတွေကို ကစားသမားနဲ့ တိုင်ပင်ပြီး သင့်တော်သလို ဆက်လက် ထုတ်ပြန် ကြေညာသွားပါမယ်” လို့ ထုတ်ပြန် ကြေညာသွားခဲ့တာပါ။

Exit mobile version