MySport Myanmar

ချန်ပီယံလိဂ် ကန်ချင်တာကြောင့် နယူးဆီ ပြောင်းချင်နေတဲ့ ချယ်လ်ဆီးလူငယ် ဟောလ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က သူတို့ရဲ့ ပြည်တွင်းပြိုင်ဘက် ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ လူငယ်ကြယ်ပွင့် လီဝစ် ဟောလ်ကို ခေါ်ယူရန် ကြိုးစားနေသလို လီဝစ် ဟောလ်ကလည်း နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ လီဝစ် ဟောလ်က ချယ်လ်ဆီးရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး လီဝစ် ဟောလ်က ဘယ်နောက်ခံနေရာမှာ အဓိက ကစားလေ့ ရှိကာ လိုအပ်ရင် ဘယ်တောင်ပံ ကစားသမား အဖြစ်ပါ ကစားနိုင်ပါတယ်။

Photo Credit: Goal

ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်တာကြောင့် လီဝစ် ဟောလ်က ဘောလုံးစွမ်းရည် ပြည့်ဝသလို မြန်နှုန်းမြင့်တဲ့ ဘယ်နောက်ခံလူ ဖြစ်ပြီး လီဝစ် ဟောလ်က ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးထားပါတယ်။

လီဝစ် ဟောလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပွဲထွက်ခွင့် တချို့ ရခဲ့ပေမယ့် ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက ရာသီသစ်မှာ ဘန် ချီဝဲလ်နဲ့ ကူကူရယ်လာတို့ နှစ်ဦးကိုသာ အဓိက ဘယ်နောက်ခံလူ အဖြစ် သုံးစွဲဖို့ ဆုံးဖြတ်ထားတာကြောင့် လီဝစ် ဟောလ်က ပွဲထွက်ခွင့် အတွက် အသင်းပြောင်းချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က သူတို့ရဲ့ ဘယ်နောက်ခံနေရာ အတွက် အားဖြည့်မှု အဖြစ် လီဝစ် ဟောလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးဘက်က လီဝစ် ဟောလ်ကို အငှားသာ ချချင်နေပေမယ့် နယူးကာဆယ်ကတော့ လီဝစ် ဟောလ်ကို အပြီးသတ် ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။

Photo Credit: Goal

ဒါ့အပြင် လီဝစ် ဟောလ်ဟာ ငယ်စဉ်ကတည်းက နယူးကာဆယ်ကို အားပေးလာခဲ့သူ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ဝင်ကစားချင်နေတာကြောင့် နယူးကာဆယ်ဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားကာ နယူးကာဆယ်နဲ့ ဟောလ်တို့ရဲ့ ကြားထဲမှာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိဖို့ နီးစပ်နေကြောင်း ဒေးဗစ် အွန်စတိန်းက ဆိုပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ်က ချယ်လ်ဆီးနဲ့ရော ၊ လီဝစ် ဟောလ်နဲ့ပါ တွေ့ဆုံမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ချယ်လ်ဆီးက လီဝစ် ဟောလ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၀သန်း ဝန်းကျင် လိုချင်နေသလို နယူးကာဆယ်ကလည်း ဟောလ်အတွက် ချယ်လ်ဆီးရဲ့ တောင်းဆိုမှုကို လိုက်လျောဖွယ် ရှိပါတယ်။

Exit mobile version