ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက ညာနောက်ခံလူ တဦး ဖြစ်တဲ့ ဟာခီမီ ကတော့ သူဟာ အင်တာမီလန်အသင်း ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့စဉ်မှာ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ မော်ရိုကို နောက်ခံလူ ဟာခီမီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန်အသင်း ကနေ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Marca

ဟာခီမီဟာ ပီအက်စ်ဂျီအသင်းထံ ရောက်ရောက်ချင်းမှာပဲ ပွဲထွက်ခွင့် တနေရာကို ရရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဟာခီမီလို ညာနောက်ခံ ကစားသမား တဦးအနေနဲ့ အခုလို သွင်းဂိုးများစွာ ရရှိနေတာက ဟာခီမီရဲ့ တိုက်စစ် လိုက်ပါမှု စွမ်းရည် ဘယ်လောက်ကောင်းလဲ ဆိုတာကို မီးမောင်းထိုးပြနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဟာခီမီကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီအသင်းနဲ့ အပြိုင် လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းကပါ ကြိုးပမ်းခဲ့တာ ဖြစ်ပြီး ဟာခီမီကတော့ သူဟာ ပဲရစ်မြေမှာ ပျော်ရွှင်မယ်လို့ ခံစားရတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Marca

ဟာခီမီက – “နွေရာသီတုန်းက ကမ်းလှမ်းမှု နှစ်ခုကို ရခဲ့ပါတယ်။ (ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီး) ဒါပေမယ့် ပဲရစ်ဆီ ပြောင်းရွှေ့လာတာက ကျွန်တော့်အတွက် ပိုပြီး ပျော်ရွှင်ရလိမ့်မယ်လို့ ခံစားမိတယ်။ ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းကိုပဲ ရွေးချယ်ခဲ့တာပါ။ ပီအက်စ်ဂျီအသင်းက ထိပ်သီးအသင်း တသင်းပါ။ ဒီအသင်းကို ရောက်ရောက်ချင်းမှာပဲ ကစားသမားတွေရဲ့ ဆာလောင်စိတ်တွေ ၊ ကျွန်တော့်ကို ဝမ်းပန်းတသာ ကြိုဆိုကြတာကို မြင်ရတော့ ကျွန်တော့်ရဲ့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်လို့ ခံစားလိုက်ရပါတယ်။ အခုတော့ အသင်းမှာ ကျွန်တော် ပျော်နေပါပြီ။ ပြီးတော့ အသင်းကလည်း ကြယ်ပွင့် ကစားသမား အများကြီး ရှိတဲ့ Dream Team ဖြစ်နေပါပြီ” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။