ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း တစ်ဦးဖြစ်တဲ့ ဟားဂရေ့ဗ် ကတော့ လက်ရှိ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မယ့် အသင်းအဖြစ် ရေပန်းစားနေတဲ့ ချယ်လ်ဆီး အသင်းဟာ ပရီးမီးယားလိဂ် ဖလားကို ရယူနိုင်မှာ မဟုတ်ကြောင်း သုံးသပ် ပြောဆို သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး အများဆုံး သုံးခဲ့တဲ့ အသင်းဖြစ်သလို သူတို့ အသင်းရဲ့ ရှိရင်းစွဲ လူအင်အားကို အားရစရာ ကောင်းတဲ့ ကစားသမား ဖြည့်တင်းမှုတွေနဲ့ ပေါင်းစပ် နိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်လာခဲ့ပါတယ်။

Photo Credit: Metro

ဒါ့အပြင် ချယ်လ်ဆီးအသင်းက ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ မန်ဒီ ၊ သီယာဂို ဆေးလ်ဗား ၊ ဘန်ချီဝဲလ် ၊ ဇီရက်ဇ် ၊ တီမိုဝါနာ ၊ ကိုင်ဟားဗက်တို့ အားလုံးဟာ လက်ရှိ အချိန်မှာ အသင်းအတွက် အားထားရတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ကြသလို ရှိရင်းစွဲ ကစားသမားတွေနဲ့လည်း နားလည်မှု အားကောင်း နေတာကို မြင်တွေ့ နေရပါတယ်။ လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့် ကို အုပ်စုဗိုလ်နေရာနဲ့ တက်လှမ်းနိုင်ခဲ့သလို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ထိပ်ဆုံးက စပါးအသင်းနဲ့ နှစ်မှတ်သာ ကွာဟတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ချယ်လ်ဆီး အသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့ အသင်းတစ်သင်း အဖြစ် သတ်မှတ် ခံထားရပေမယ့် ဟားဂရေ့ဗ် ကတော့ မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ကသာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူသွားမယ့် အသင်းတွေ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်လားဆိုတဲ့ မေးခွန်းနဲ့ ပတ်သတ်ပြီး ဟားဂရေ့ဗ် က “ ကျွန်တော် ကတော့ အဲ့ဒီလို မထင်ပါဘူး။ ကျွန်တော်က ချယ်လ်ဆီးအသင်းကို သဘောကျသလို လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကို တည်ဆောက်နေတဲ့ ပုံစံကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် သူတို့ အသင်းရဲ့ အပေါ်မှာ မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့က ရှိနေပါတယ်။ ချယ်လ်ဆီးအသင်း က ချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နီးစပ်မယ်လို့ ကျွန်တော် မထင်ပါဘူး။ မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူး အသင်းတို့ နှစ်သင်းထဲက တစ်သင်းက ချန်ပီယံဖြစ်ပြီး တစ်သင်းက ဒုတိယရမယ်။ သူတို့ပြီးမှ ကျန်တဲ့ အသင်းတွေ အတွက် အခွင့်အရေး ရှိမှာပါ။ လမ်းပတ်က လက်ရှိမှာ သူ့ရဲ့ အသင်းကို အကောင်းဆုံး ပုံစံ ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့က လေးနှစ်လောက် ဒီပုံစံအတိုင်း တည်ငြိမ်ခဲ့တဲ့ အသင်းတွေပါ” လို့ ပြောကြား သွားခဲ့ပါတယ်။