ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အိုဝင် ဟားဂရေ့ဗ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၁-၁ အဲဗာတန်ပွဲမှာ အမှားများခဲ့တဲ့ ဖရက်ဒ်ရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၇) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပိုကောင်းတဲ့ အသင်းတသင်း ဖြစ်ခဲ့သလို ဦးဆောင်ဂိုးကိုလည်း ပွဲကစားချိန် ၄၃မိနစ်မှာထဲက တိုက်စစ်မှူး မာရှယ်က သွင်းယူပေးထားပေမယ့် ဒုတိယပိုင်းမှာ ကွင်းလယ်လူ ဖရက်ဒ်ရဲ့ အမှားကြောင့် ချေပဂိုးကို ခွင့်ပြုပေးခဲ့ရတာကြောင့် သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: Metro

အဲဗာတန်အသင်း အတွက် အဖိုးတန် ချေပဂိုးကိုတော့ ပွဲကစားချိန် ၆၅မိနစ်မှာ တောင်ပံ ကစားသမား တောင်ဆန်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဆိုပါသွင်းဂိုးဟာ ဖရက်ဒ်ရဲ့ အဲဗာတန် တောင်ပံ ကစားသမား ဂရေးကို တားဆီးဖို့ ပျက်ကွက်ခဲ့တာ ကနေ ခွင့်ပြုပေးခဲ့ရတာ ဖြစ်ကာ ဖရက်ဒ်ဟာ ဂရေးကို နှစ်ကြိမ်တိုင်တိုင် တားဆီးနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် မတားဆီးနိုင်ခဲ့ပါဘူး။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ဖရက်ဒ်ကို ပေါ့ဘာနဲ့ ချက်ချင်း လူစားလဲခဲ့သလို ပွဲအပြီးမှာလည်း ဘောလုံးရေးရာ သုံးသပ်သူ အများစုက ဖရက်ဒ်ကို ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ကြပြီး လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦးအဖြစ် လုပ်ကိုင်နေတဲ့ ဟားဂရေ့ဗ်ကလည်း ဖရက်ဒ်ကသာ ဖာဂူဆန်ရဲ့ လက်အောက်မှာ ကစားခဲ့ရင် တလလောက် အထိ ကစားခွင့် ရမှာ မဟုတ်ဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

Photo Credit: Metro

ဟားဂရေ့ဗ်က – “ဆာအဲလက်စ်သာ ဆိုရင် ဖရက်ဒ်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။ သူက တလလုံးလုံး ပွဲကစားခွင့်လည်း မရနိုင်ပါဘူး။ သူက ဂရေးကို တားဆီးဖို့ အခွင့်အရေး နှစ်ကြိမ် အထိ ရခဲ့ပေမယ့် နှစ်ကြိမ်လုံး လွဲချော်ခဲ့ပါတယ်” လို့ ဝေဖန် ပြစ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။