ပရီးမီးယားလိဂ်ရဲ့ ကွင်းလယ်ဒိုင်ဟောင်း တဦး ဖြစ်သူ ဟက်ကက် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၁-၀ နယူးကာဆယ် ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ဒေးဗစ် ကော့တီရဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုတွေ ရှိခဲ့ကြောင်း ဘောလုံးရေးရာ ဆွေးနွေးမှု အစီအစဉ် တခုမှာ ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

ဟက်ကက်ဟာ ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်ဒိုင်တွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ တဦး ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ဒိုင်အဖွဲ့ချုပ် ဖြစ်တဲ့ PGMOL အဖွဲ့အစည်းရဲ့ ဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ဖူးသူ တဦးပါ။

Photo Credit: Express

လက်ရှိအချိန်မှာတော့ ချယ်လ်ဆီး ၁-၀ နယူးကာဆယ် ပွဲစဉ်မှာ ကွင်းလယ်ဒိုင် ကော့တီ တယောက် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် နှစ်ခုနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ မြင့်တက်နေကာ ပထမတခုက ချယ်လ်ဆီး လူငယ် နောက်ခံလူ ချာလိုဘက်ရဲ့ နယူးကာဆယ် တိုက်စစ် ကစားသမား မာဖီအပေါ် ဂိုးဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်မှုကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး ဒုတိယ တခုကတော့ ချယ်လ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား ကိုင် ဟားဗက်ရဲ့ နယူးကာဆယ် နောက်ခံလူ ဘန်းစ်ကို တံတောင်စွမ်း ပြခဲ့မှု အပေါ် အနီကတ်ပြ ထုတ်ပယ်ရန် ပျက်ကွက်မှုတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Express

ချယ်လ်ဆီးရဲ့ အနိုင်ဂိုးရှင် ကိုင် ဟားဗက်ဟာ နယူးကာဆယ် နောက်ခံလူ ဘန်းစ်နဲ့ ဘောလုံးယှဉ်လုရင်း ဘန်းစ်ကို တံတောင်နဲ့ တိုက်ခဲ့တာ ဖြစ်ပြီး ကွင်းလယ်ဒိုင် ကော့တီက ဟားဗက်ရဲ့ ပြစ်ဒဏ် ကျူးလွန်မှုကို မတော်တဆ အဖြစ် သတ်မှတ်ကာ အနီကတ် မပြခဲ့ပေမယ့် ကွင်းလယ်ဒိုင်ဟောင်း ဟက်ကက်ကတော့ ဟားဗက်ရဲ့ ဖြစ်ရပ်က ကျိန်းသေပေါက် အနီကတ် ပြရမယ့် ဖြစ်ရပ်ပဲလို့ ဆိုသွားခဲ့ပါတယ်။

ဟက်ကက်က – “ဒေးဗစ် ကော့တီက အိမ်မက်ဆိုးထဲကို ရောက်နေတဲ့ လူတယောက်လိုပါပဲ။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက အတော်လေးကို ဆိုးရွားပါတယ်။ ဟားဗက်က သူ့ရဲ့ တံတောင်ကို မြှောက်ပြီး နယူးကာဆယ် နောက်ခံလူ ဘန်းစ်ရဲ့ မျက်နှာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့လို့ ဒီဖြစ်ရပ်က လုံးဝကို ကျိန်းသေပေါက် အနီကတ် ပြရမယ့် ဖြစ်ရပ်ပါ” လို့ ဝေဖန် ထောက်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။