မန်ချက်စတာစီးတီးနဲ့ နော်ဝေလက်ရွေးစင်အသင်းတို့ရဲ့ ထိပ်တန်း တိုက်စစ်ကစားသမား အာလင်းဟာလန်းအတွက် အေးဂျင့်အဖြစ် တာဝန်ယူ ဆောင်ရွှက်နေတဲ့ ရာဖယ်လာပီမန်တာက သူရဲ့ကစားသမားဟာ ပေါင်တစ်ဘီလီယံအထိ တန်ကြေးရှိတဲ့ ကစားသမား ဖြစ်လာနိုင်သလို သူရဲ့လက်ရှိကလပ် မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့လည်း အခြေအနေ အကောင်းဆုံး ရှိနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

နော်ဝေဂိုးသွင်းစက် ဟာလန်းက ဒီနှစ်နွေရာသီမှာ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၅၁)သန်းနဲ့ ရောက်ရှိလာတာဖြစ်ပေမယ့် နောက်နှစ်အနည်းငယ်အတွင်းမှာ သူရဲ့ကစားသမားဟာ ကမ္ဘာ့ဘောလုံးလောကအတွင်း ပထမဆုံးသော ပေါင်တစ်ဘီလီယံ တန်ကြေးရှိတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လာနိုင်တယ်လို့ အေးဂျင့်ပီမန်တာက ကြုံးဝါးပြောဆိုလိုက်ပါတယ်။ “ဒါဟာ ကျွန်မ တွေးတောနေတဲ့ အရာပါပဲ။ ဘာကြောင့်လဲဆိုတော့ သင့်အနေနဲ့ သူရဲ့ဘောလုံးနဲ့ပတ်သတ်တဲ့ တန်ဖိုးတွေ ပုံရိပ်တန်ဖိုးတွေ စပွန်ဆာတန်ဖိုးတွေ အားလုံးကို အတူ စုပေါင်းလိုက်မယ်ဆိုရင် တစ်ဘီလီယံလောက် ဖြစ်သွားမှာ သေချာပါတယ်” လို့ အေးဂျင့်ပီမန်တာက ပြောကြားလိုက်ပါတယ်။

Image

Photo Credit : Twitter

ဆက်လက်ပြီး ပီမန်တာက သူရဲ့ကစားသမားဟာ လက်ရှိ မန်စီးတီးအသင်းမှာ အတော်လေးကို ခြေစွမ်းပြနေတာကြောင့် အခုနှစ်မှ မန်စီးတီးကို ပြောင်းရွှေ့ရောက်ရှိလာတာ ဖြစ်ပေမယ့်လည်း မန်စီးတီးဘက်က ဟာလန်းကို နောက်ထပ် စာချုပ်သစ်တွေ ထပ်မံ ချုပ်ဆိုသွားဖွယ် ရှိနေတယ်ဆိုတာနဲ့ ပတ်သတ်ပြီးတော့လည်း “ဒီလို ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ တကယ်လို့များ သူတို့ဘက်ကနေသာ ဒီကနေ့ပဲ ဆွေးနွေးချင်တယ်ဆိုရင် ကျွန်မတို့ ပျော်မိရမှာပါ။ မဖြစ်နိုင်စရာလည်း မရှိဘူးလေ။ အားလုံး အခြေအနေကောင်းနေတာပဲကို” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ပီမန်တာက ဟာလန်းရဲ့ စာချုပ်လျော်ကြေးကိစ္စနဲ့ ပတ်သတ်ပြီး စာချုပ်လျော်ကြေးက ရှိတာမှန်ပေမယ့် သူမအနေနဲ့ ဒီအကြောင်းကို ပြောဆိုလို့ မရနိုင်ကြောင်း ရှင်းလင်း အသိပေးသွားခဲ့ပါတယ်။ သတင်းတွေမှာ ဖော်ပြနေတာကတော့ ဟာလန်းရဲ့ ယူရိုသန်း(၂၀၀) တန်ကြေးရှိတဲ့ စာချုပ်လျော်ကြေးဟာ ၂၀၂၄ခုနှစ် နွေရာသီမှာ စတင် အသက်ဝင်လာမှာဖြစ်ပြီး အဲ့ဒီတန်ကြေးအတိုင်း ရီးယဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။