မန်ချက်စတာ စီးတီးအသင်းရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းကတော့ ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရာကနေ ပြန်လည် သက်သာလာခဲ့ပြီဖြစ်လို့ မကြာခင်မှာပဲ မန်စီးတီးအတွက် ပြန်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။

အသက် (၂၃)နှစ်အရွယ် နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းက သူရဲ့ foot injury ကြောင့် မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲစုံ (၉)ပွဲဆက်တိုက်အထိတောင် လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

လက်ရှိ မန်စီးတီးအသင်းမှာ အဓိက ကစားသမားကြီးဖြစ်တဲ့ ကယ်လ်ဗင် ဒီဘရိုင်းပါ ဒဏ်ရာကနေ သက်သာလာပြီး နယူးကာဆယ်နဲ့ ပွဲစဉ်မှာပဲ အကောင်းဆုံး စွမ်းဆောင်ပြထားနိုင်လို့ ဟာလန်းသာ ပြန်ပါလာမယ်ဆိုရင် စီးတီး တိုက်စစ်က အရင်လို ကြောက်မက်ဖွယ်ကောင်းလာပါလိမ့်မယ်။

အခုလည်း ဟာလန်းက သူရဲ့ ဒဏ်ရာအခြေအနေ ပိုမိုကောင်းမွန်လာတာကြောင့် အသင်းလိုက် လေ့ကျင့်ခန်းဆင်းမှုတွေ ပုံမှန် လုပ်ဆောင်နေပြီဖြစ်ပြီး ဒါက စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာအတွက်တော့ သတင်းကောင်း ဖြစ်လာပါလိမ့်မယ်။

Photo Credit : Sports Illustrated

နာမည်ကျော် အီတလီ ဘောလုံးသတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်အရ ဟာလန်းအနေနဲ့ အခု ဇန်နဝါရီ လကုန်ပိုင်းလောက်မှာပဲ မန်စီးတီးအသင်းအတွက် ပြန်လည် ကစားပေးနိုင်တော့မယ့် အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဒီတစ်ပတ် Friday night မှာ တော့တင်ဟမ် ဟော့စပါးအသင်းနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာတော့ ဟာလန်း ပါဝင်နိုင်ဖို့က မသေချာသေးပဲ ဘန်လေနဲ့ ပွဲစဉ်လောက်မှသာ ပါဝင် ကစားနိုင်ဖို့ ရှိနေပါတယ်။