မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ ဂိုးသွင်းစက် အာလင်း ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းအတွက် အကောင်းဆုံး အကျိုးပြုပြီး ကစားနိုင်ခဲ့သလို အခု ရာသီသစ်မှာလည်း သူရဲ့ စီးတီး ကစားသမားဘဝ ပွဲဦးထွက် ရာသီကထက်ပင် ပိုပြီး ကြံခိုင်လာကာ ခြေစွမ်းကောင်းတွေ ပိုမို ပြသလာနိုင်ဦးမယ်လို့ မန်စီးတီး နည်းပြ ပက်ပ် ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

မကြာသေးခင်ကမှ အသက် (၂၃)နှစ်ပြည့်သွားခဲ့တဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး ဟာလန်းက ပြီးခဲ့တဲ့နှစ် နွေဈေးကွက်ကမှ ဒေါ့မွန်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်ကတော့ စံချိန်တင် မှတ်တမ်းတွေ ရွေဖိနပ်ဆုအပြင် ပရီးမီးယားလိဂ် ဆုဖလားကြီးကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit : Goal

မန်စီးတီးအသင်းနဲ့ ပွဲဦးထွက် ဘောလုံးရာသီမှာ ဆုဖလား (၃)ခုထိ ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာလည်း ဂိုးသွင်း အများဆုံးဆုတွေ ပိုင်ဆိုင်ခဲ့ရတဲ့ ဟာလန်းဟာ မနေ့က ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာလည်း ဒုတိယပိုင်းမှ လူစားဝင် ကစားရင်း (၂)ဂိုး သွင်းယူနိုင်ခဲ့ရာ တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုပါ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဟာလန်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး စီးတီးနည်းပြ ဂွာဒီယိုလာက “ပြီးခဲ့တဲ့ ရာသီနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒီလို အချိန်ကာလမျိုးမှာ သူ ပိုပြီး ကြံခိုင်လာတယ်။ သူ ပိုပြီးတော့ အဆင်ပြေလာတယ်။ ဒါပေမယ့် အကောင်းဆုံး အခြေအနေမျိုး ရောက်ရှိနေဖို့ကတော့ အနည်းငယ်လေး လိုပါသေးတယ်။ တခြား ကစားသမားတွေလည်း ဒီအတိုင်းပါပဲ။ ပုံမှန် စည်းချက်မျိုး နဲ့ အခြေခံမူတွေ ပြန်လည် ရယူနိုင်ဖို့က အရေးကြီးပါတယ်။”

Photo Credit : Sky Sports

“ သူ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ အတိအကျ သိထားပါတယ်။ သူက ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အခုထက် ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေပါလိမ့်မယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဒီလိုချိန်မှာ သူ ဂိုးမသွင်းနိုင်ခဲ့တာမို့ ခု သူရဲ့ ဒီရာသီ ပထမဆုံးပွဲမှာ (၂)ဂိုး သွင်းယူနိုင်တာက သူ့အတွက် အရေးကြီးပါတယ်။” ပြောဆိုသွားခဲ့ပါတယ်။

ဟာလန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ်မှာ (၃၆)ဂိုးအထိ သွင်းယူရင်း ပရီးမီးယားလိဂ် ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ရာသီတည်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာလည်း မန်စီးတီးအတွက် (၅၂)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

Featured Image : Goal