မနက်ဖြန် မေလ ၁၇ ရက်နေ့ဟာ နော်ဝေနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနေ့ဖြစ်ပြီး ၁၈၁၄ ခုနှစ်မှာ သူရဲ့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ခြင်းကို ဂုဏ်ပြုတဲ့ အမျိုးသား အားလပ်ရက် ဖြစ်တာကြောင့် မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းအတွက် FA ဖလားကို ကိုင်မြှောက်လိုခြင်း အကြောင်းရင်းတစ်ခု ဖြစ်နေရပါတယ်။
“နော်ဝေနိုင်ငံရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ မေလ ၁၇ ရက်နေ့မှာ ဖလားရခဲ့မယ်ဆိုရင် ကျွန်တော့်အတွက် အဓိပ္ပာယ်အများကြီးရှိမှာပါ။ ဒါကြောင့် ဒီအောင်မြင်မှုကို ရရှိဖို့ ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အသင်းကို ကူညီပေးဖို့ ကျွန်တော် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားမှာပါ။” လို့ ဟာလန်းက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Star Democrat
ဟာလန်းရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေး ချန်ပီယံဆုကို လက်လွတ်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်သာ ပြိုင်ဆိုင်နေရသလို ချန်ပီယံလိဂ်မှာဆိုရင်လည်း အစောဆုံး အဆင့်ကနေပါ ထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့် အသင်းအတွက် ဒီရာသီမှာ အက်ဖ်အေဖလားကသာ တစ်ခုတည်းသော ဖလားမျှော်လင့်ချက် ဖြစ်လာရပါတယ်။
မန်စီးတီးက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ခရစ္စတယ် ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဗိုလ်စွဲဖို့ ရေပန်းစားမှုက မြင့်မားလျက် ရှိနေပေမယ့်လည်း အံ့အားသင့်ဖွယ် ရလဒ်တွေ ဖန်တီးနိုင်စွမ်းရှိတဲ့ နည်းပြအိုလီဗာ ဂလက်စနာရဲ့ ပဲလေ့စ်အသင်းကို လုံးဝ လျှော့မတွက်ဖို့ ဟာလန်းက သိထားပါတယ်။
Photo Credit : Opta Analyst
ဟာလန်းက “ပဲလေ့စ်က ရင်ဆိုင်ကစားဖို့ တကယ်ကို ခက်ခဲတဲ့ အသင်းပါ။ ဆဲလ်ဟာ့စ်ပါ့ခ်မှာ ကျွန်တော်တို့ သရေကျခဲ့တယ်။ အီတီဟတ်မှာလည်း သူတို့ ကစားပုံကောင်းခဲ့ပါတယ်။ သူတို့က အရည်အသွေးရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အံ့မခန်းအသင်းတစ်သင်းပါ။” လို့ အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်ခင်မှာ မှတ်ချက်ပေးခဲ့ပါတယ်။
ဒါ့အပြင် ဟာလန်းက သူတို့အသင်းအနေနဲ့ ဒီရာသီမှာ အက်ဖ်အေဖလား ရယူနိုင်ခဲ့မယ်ဆိုရင်တောင် သူတို့ရဲ့ ဆိုးရွှားလှတဲ့ ဘောလုံးရာသီကို မကယ်တင်နိုင်ဘူးလို့ သတ်မှတ်နိုင်ပေမယ့်လည်း သူ့အတွက်တော့ အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့က အရေးကြီးတာဖြစ်လို့ ဒီဖလား ရခဲ့မယ်ဆိုရင်လည်း အထောက်အကူ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။