ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက ပြောင်းရွှေ့ကြေးများစွာကို သုံးစွဲခဲ့ပြီး ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာလည်း ငွေကြေးများစွာကို ထပ်မံသုံးစွဲပြီး အသင်းအတွက် အမှန်တကယ် လိုအပ်မယ့် ကစားသမားသစ်တွေကို ဆက်လက်အားဖြည့်သွားဖို့ ရှိနေကာ ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းကို အဓိကပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football Espana

အသက်(၂၀)အရွှယ်ရှိ နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဟာလန်းဟာ တကယ့်ကို အရည်းအသွေးပြည့်ဝလှတဲ့ တိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၁၄)ပွဲအထိကို ပါဝင်ကစားထားခဲ့ပြီးနောက် စုစုပေါင်း သွင်းဂိုး(၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးကို ပြသထားနိုင်ခဲ့တဲ့ ဟာလန်းကို ဥရောပထိပ်တန်း အသင်းပေါင်းများစွာကနေ မျက်စိကျလျက်ရှိနေပြီး ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်နေသလို ဟာလန်းကိုလည်း သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ Sky Sports Italia ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာကို ခေါ်ယူထားခဲ့သလို အသင်းမှာလည်း လူငယ်တိုက်စစ်မှူး တမ်မီအေဘရာဟမ်နဲ့ ဝါရင့်တိုက်စစ်မှူး အိုလီဗာဂျရူးတို့ ရှိနေပေမယ့်လည်း ဂျရူးက အသင်းနဲ့ လက်တွဲဖြုတ်တော့မှာဖြစ်သလို အသင်းရဲ့တိုက်စစ်ပိုင်းကိုလည်း ဒီထက်အားကောင်းလာစေနိုင်ဖို့အတွက် ဟာလန်းလို တိုက်စစ်အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးကို ထပ်မံအလိုရှိနေတာဖြစ်ပါတယ်။ ဒေါ့မွန်ဘက်ကတော့ သူတို့ရဲ့ကြယ်ပွင့်ကစားသမားတစ်ယောက်ကို အလွယ်တကူနဲ့ လက်မလွတ်ချင်ပေမယ့်လည်း ဆုဖလားများစွာကို အရယူဖို့အတွက် ကစားသမားကိုယ်တိုင်က ဒေါ့မွန်ထက် ပိုပြီးအင်အားကြီးမားတဲ့ ကလပ်အသင်းတစ်သင်းဆီကို ပြောင်းရွှေ့ဖို့ စဉ်းစားလာနိုင်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဘက်ကနေ ဟာလန်းကို ကမ်းလှမ်းမှုတွေ မပြုလုပ်ခင် အသင်းက ကစားသမားတချို့ကို ရောင်းချသွားဖို့ လိုအပ်လျက်ရှိနေပြီး လာမယ့်စျေးကွက်နှစ်ခုအတွင်းမှာပဲ ရူဒီဂါ ကယ်ပါ အီမာဆန် အလွန်ဆို ဂျော်ဂျင်ဟို ဘာကလေ ဂျရူး ခရစ္စတန်ဆန် မော့ဆက်စ် ဘတ်ရှူအာယီတို့ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေပါတယ်။ ချယ်လ်ဆီးဟာ ဟာလန်းအပြင် ဝက်စ်ဟမ်းကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကိုလည်း ပစ်မှတ်ထားလို့နေပါတယ်။