ဟာလန်းဟာ မန်ယူအသင်းကို ပြောင်းလာချင်တယ်လို့ မန်ယူအသင်းရဲ့ တာဝန်ရှိတဲ့ သူတွေကို ပြောခဲ့ပေမဲ့လည်း မန်ယူအသင်းက သူ့ရဲ့ အေးဂျင့် မီနို ရိုင်အိုလာနဲ့ မပက်သက်ချင်တာကြောင့် ငြင်းပယ်သွားခဲ့တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ရက်ဘူးလ် ဆာဘတ်ချ်အသင်းမှာ ကစားခဲ့စဉ်က ပြည်တွင်းပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ လ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ မန်ယူအသင်းအပါအဝင် အသင်းကြီးတွေ ခေါ်ယူချင်တဲ့ သူ ဖြစ်ခဲ့ပါတယ်။

Photo Credit: Dailymail

ဟာလန်းဟာ သူ ပိုပြီး သဘောကျတဲ့ အသင်းကို ရှာနိုင်ဖို့အတွက် ဇန်နဝါရီလ အပြောင်းအရွေ့ မတိုင်ခင် အသင်းများစွာနဲ့ တွေ့ဆုံခဲ့ပြီး သူ ပြောင်းနိုင်ချေ အရှိဆုံး အသင်းက မန်ယူအသင်း ဖြစ်နေခဲ့ပါတယ်။ The Athletic သတင်းက လူငယ် တိုက်စစ်မှူး (၁၉) နှစ်အရွယ် ဟာလန်းဟာ မန်ယူအသင်းကို ပြောင်းလာချင်ပါတယ်လို့ နည်းပြ ဆိုးလ်ရှား နဲ့ အယ်ဝုဒ်ဝက်ကို ပြောခဲ့ပေမဲ့ မန်ယူအသင်းက သူ့ရဲ့ အေးဂျင့်ကို မကြိုက်တာကြောင့် ငြင်းပယ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: Dailymail

နည်းပြ ဆိုးလ်ရှားဟာ မိုးလ်ဒီအသင်းမှာ ဟာလန်းကို နည်းပြခဲ့ဖူးပြီး ဟာလန်းကို ခေါ်ယူချင်တဲ့ အတွက်ကြောင့် ဒီဇင်ဘာလ (၁၃) ရက်နေ့က ဆာဘတ်ချ်မြို့ကိုတောင် သွားရောက်ခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှား ဆာဘတ်ချ်မြို့ကို သွားရောက်ခဲ့တဲ့ အချိန်မှာ မန်ယူအသင်း နဲ့ ဟာလန်းတို့ စာချုပ် ချုပ်ဆိုကြပြီလို့ သတင်းတွေ ထွက်ခဲ့ပေမဲ့ မဖြစ်လာခဲ့ဘဲ ဟာလန်းက ဒေါ့မွန်အသင်းကို ပြောင်းသွားခဲ့ပြီး မန်ယူက အေးဂျင့် ရိုင်အိုလာကြောင့် ဟာလန်းကို လက်လွတ်သွားခဲ့ပါတယ်။