ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လတ်တလောမှာ ကြုံတွေ့နေရတဲ့ ရလဒ်ဆိုးတွေကြောင့် အသင်းနဲ့အတူ ဆုဖလားတွေ ရရှိဖို့ မျှော်မှန်းထားမှုကို သံသယ ဝင်လာပြီး လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စဉ်းစားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။

ဒေါ့မွန်အသင်းဟာ ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပွဲမှာ အစဉ်အလာပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့သလို ယမန်နေ့မှာ ကစားခဲ့တဲ့ ဘွန်ဒက်လီဂါ ပွဲစဉ်(၂)မှာလည်း ဖရိုင်းဘက်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မျှော်မှန်းထားမှု အပေါ် သံသယဝင်လာပြီး သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှသာ စတင် အသက်ဝင်ဖို့ ရှိနေပေမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဖော်ပြသွားပါတယ်။

ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်း ပေးချေရုံနဲ့ ဟာလန်းကို ခေါ်ယူနိုင်မှာ ဖြစ်ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူချင်ပါက ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းနဲ့ ယူရို ၁၀၀သန်းကြား ပေးချေရဖို့ ရှိနေပါတယ်။

Photo Credit: Metro

ဒါပေမယ့် ဟာလန်းလို အလားအလာ ရှိတဲ့ တိုက်စစ်မှူး တဦး အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း သုံးစွဲဖို့ အတွက် ဥရောပ အသင်းကြီးတွေ အားလုံးဟာ အသင့် ရှိနေကြပြီး လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူနိုင်ဖို့ မန်ချက်စတာ စီးတီးအသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ ယခု နွေရာသီ အပြောင်းအရွှေ့မှာသာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူနိုင်ခြင်း မရှိပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဟာလန်းကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း အထိ ပေးချေကာ ခေါ်ယူဖို့ အသင့် ရှိနေသလို မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဆိုးလ်ရှားနဲ့ ဟာလန်းတို့ရဲ့ ကြားမှာ ရှိနေတဲ့ ဆက်ဆံရေးကောင်းကို အသုံးချပြီး ဟာလန်းကို ခေါ်ယူချင်နေတာပါ။