မန်စီးတီးအသင်းက သူတို့အသင်းအတွက် တကယ်ကို လိုအပ်နေတဲ့ ကစားသမားတစ်ဦးကို ဒီရာသီအစမှာပဲ ခေါ်ယူလိုက်နိုင်ခဲ့တယ်။ အဲ့ဒါကတော့ အာလင်းဟာလန်းပါပဲ။ မန်စီးတီး တိုက်စစ်ပိုင်းအတွက် အသင်းရဲ့ သွင်းဂိုး တာဝန်ပိုင်းတွေအတွက် လုံးဝကို အားထားရမယ့် တိုက်စစ်ကစားသမားတစ်ဦးကို အရ ခေါ်ယူလိုက်နိုင်တာက စီးတီးအတွက် လုံးဝကို အကျိုးပြုစေတဲ့ ခေါ်ယူမှု ဖြစ်သွားစေခဲ့ရပါတယ်။

Photo Credit : Ace Football

ဟာလန်းဆိုတာ ဘယ်လို ကစားသမားမျိုးလဲဆိုတာကို မိုလ်ဒီ ဆာလ်ဇ်ဘာ့ဂ်နဲ့ ဒေါ့မွန်တို့အပြင် နော်ဝေ လက်ရွေးစင်အသင်းတွေမှာပါ သွင်းဂိုးတွေနဲ့ သက်သေပြသထားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူ ဆာလ်ဇ်ဘာ့ဂ်မှာ ကစားနေစဉ်မှာပဲ ဥရောပ ကလပ်အသင်းကြီးတွေကနေ အပြိုင် စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းက အလှမ်းကျယ် အလယ်လတ်မသွားရအောင် ဒေါ့မွန်ကိုပဲ ရွေးချယ်ခဲ့ပြီး ဒေါ့မွန်မှာ နှစ်အနည်းငယ် ကျင်လည်ခဲ့ပြီးမှသာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အခုဆို ဟာလန်းက စီးတီးမှာ လုံးဝ ဆရာတစ်ဆူလိုတောင် ဖြစ်နေပါပြီ။

Photo Credit : Premier League

ဟာလန်းက သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ (၂၇)ပွဲကစား စုစုပေါင်း ဂိုး(၃၀) သွင်းယူထားနိုင်ခဲ့သလို မကြာခင်မှာပဲ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်သစ်ကိုပါ ပိုင်ဆိုင်ရနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို လိဂ်ဂိုး (၃၀) သွင်းယူထားနိုင်ချိန်မှာ တခြား အမှတ်ပေးလိဂ်တွေထဲ ဟာလန်းလောက်နီးနီး ဂို သွင်းယူနိုင်ထားတဲ့ ကစားသမားက မရှိသလောက် နည်းပါးတာမို့ ဥရောပ ရွေဖိနပ်ဆုအတွက်ကလည်း အပြတ်အသတ်ကြီးကို ရေပန်းစားနေရပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ဟာလန်းက တစ်ပွဲတည်းမှာတင် (၅)ဂိုုး သွင်းယူရင်းနဲ့ လက်ရှိ သူရဲ့ ဒီရာသီ ချန်ပီယံလိဂ် ဂိုးအရေအတွက်က (၁၁)ဂိုး ရှိခဲ့ကာ ချန်ပီယံလိဂ်မှာပါ ဂိုးသွင်းဘုရင် ဖြစ်လာဖွယ် ရှိနေပါတယ်။

Photo Credit : Sports Illustrated

အခု ဟာလန်းက ပရီးမီးယားလိဂ် ချန်ပီယံလိဂ် အက်အေဖလားနဲ့ လိဂ်ဖလား ပြိုင်ပွဲအားလုံးမှာ ဟာလန်းက စီးတီးအတွက် (၃၉)ပွဲ ကစားပေးထားရင်း (၄၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ သူ ကစားထားတဲ့ ပွဲအရေအတွက်ထက် သူ သွင်းတဲ့ ဂိုးအရေအတွက်က ပိုများနေရပါတယ်။ ဒီလို ပုံစံမျိုးဟာလည်း ဒေါ့မွန် ဆာလ်ဇ်ဘာ့ဂ်တို့မှာလည်း လုပ်ပြထားခဲ့ဖူးပါတယ်။ အခုလို ဂိုးသွင်းအားကောင်းတဲ့ ဟာလန်းက မနေ့ညက ပွဲမှာ ဘာနာဒိုဆေးလ်ဗားကို ဖန်တီးပေးသွားတာ ဒီဘရိုင်းနားများလားလို့ ထင်ရလောက်အောင် သူ့ assist က သေသပ်လွန်းပါတယ်။ အခုဆိုရင် သူရဲ့ assists တွေဟာလည်း (၆)ဂိုး ဖြစ်သွားခဲ့လို့ ဒီရာသီ သူရဲ့ ဂိုး ပါဝင်ပတ်သတ်မှုက ဂိုး(၅၀)အထက်တောင် ဖြစ်သွားခဲ့ရပါတယ်။