ဂျာမန်ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်းနဲ့ နော်ဝေလက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နော်ဝေအသင်းနဲ့ ဂျီဘရော်တာအသင်းတို့ရဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူပေးခဲ့ကာ သူ့ရဲ့ စီနီယာ နိုင်ငံလက်ရွေးစင် ကစားသမား ဘဝရဲ့ ပထမဦးဆုံး ဟက်ထရစ်ကို ရရှိခဲ့ကြောင်း သိရပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ အသက်ငယ်သေးပေမယ့် လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦးထဲက တဦးအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသလို သူ့ရဲ့ ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် စက်ရုပ်ကြီးလို့ နာမည်ပြောင် ရထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

ဟာလန်းဟာ သူ့ရဲ့ကလပ်အသင်း ဖြစ်တဲ့ ဒေါ့မွန်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၆၄ပွဲ ပါဝင် ကစားပေးခဲ့ရာ ၆၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်နိုင်ခဲ့သလို နော်ဝေအသင်း အတွက် နောက်ဆုံး ပါဝင် ကစားပေးခဲ့တဲ့ ၃ပွဲမှာ ၅ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဟာလန်းဟာ ယခု နိုင်ငံတကာပွဲစဉ် ရက်သတ္တပတ် အတွင်းမှာ နော်ဝေနဲ့ နယ်သာလန် ၊ လက်ဗီးယားနဲ့ နော်ဝေ ၊ နော်ဝေနဲ့ ဂျီဘရော်တာ စတဲ့ ပွဲစဉ် ၃ပွဲစလုံးကို ပါဝင် ကစားပေးခဲ့ပြီး နယ်သာလန်အသင်း ၊ လက်ဗီယားအသင်းတို့နဲ့ ပွဲစဉ်တွေမှာ သွင်းဂိုး ၁ဂိုးစီ သွင်းယူပေးနိုင်ခဲ့ကာ ဂျီဘရော်တာနဲ့ပွဲမှာတော့ ဟက်ထရစ် ရခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ ထိပ်တန်း ကစားသမားတွေနဲ့ တွဲဖက် ကစားရလို့ သွင်းဂိုးတွေ များစွာ ရရှိခဲ့ပေမယ့် ယခုလို နော်ဝေအသင်းလိုမျိုး အလယ်အလတ် နိုင်ငံအသင်းမှာ ကစားရင်း တပတ်အတွင်း သွင်းဂိုး ၅ဂိုး အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဟာ သူ့ရဲ့ အရည်အချင်းကို သက်သေပြရာ ရောက်ပြီး ဥရောပ အသင်းကြီး အများစုကတော့ ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မရမက ခေါ်ယူဖို့ ကြိုးစားလာမှာလည်း အသေအချာပါပဲ။