MySport Myanmar

ကစားသမားဘဝမှာ ပထမဦးဆုံးအကြိမ် ငယ်ပါကို သုံးပြီး ဂိုးသွင်းနိုင်ခဲ့တဲ့ ဟာလန်း

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ရာ သူ့ရဲ့ သွင်းဂိုး ၁ဂိုးက ငယ်ပါနဲ့ သွင်းယူခဲ့တဲ့ ဂိုးဖြစ်နေကြောင်း သိရပါတယ်။

ချယ်လ်ဆီးနဲ့ မန်ချက်စတာ စီးတီးတို့က ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) အဖြစ် ချယ်လ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖို့ဒ် ဘရေ့ချ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြသလို အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကြတာကြောင့် ပွဲက အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Standard

အထူးသဖြင့် နှစ်သင်းစလုံးက ရရင် ရသလို တိုက်စစ်ဆင် ကစားခဲ့ကြတာကြောင့် သွင်းဂိုးများစွာကို မြင်တွေ့ခဲ့ရပြီး ပွဲရဲ့ အဖွင့်ဂိုးကိုတော့ အာလင်း ဟာလန်းက ပွဲချိန် ၂၅မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ချယ်လ်ဆီးက ချေပဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၂၉မိနစ်နဲ့ ၃၇မိနစ်တွေမှာ သီယာဂို ဆေးလ်ဗားနဲ့ စတာလင်းတို့က ချယ်လ်ဆီးအတွက် ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

၂-၁ ဆိုတဲ့ ရလဒ်နဲ့ ပထမပိုင်း ပြီးဆုံးတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် ပွဲချိန် ၄၅+၁မိနစ်မှာတော့ အကန်ဂျီက လှပတဲ့ ခေါင်းတိုက်ချက်နဲ့အတူ မန်ချက်စတာ စီးတီး အတွက် ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းဟာ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယပိုင်း စစချင်းမှာပဲ အာလင်း ဟာလန်းက ဖိုဒန်ရဲ့ ပေးပို့မှုကို အနီးကပ် ပိတ်သွင်းကာ မန်ချက်စတာ စီးတီး အတွက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး ထူးခြားချက် တချက်က ဟာလန်းဟာ ဘောလုံးကို လျှောထိုးပိတ်သွင်းခဲ့ချိန်မှာ သူ့ရဲ့ ငယ်ပါနဲ့ ထိကာ ဘောလုံးဟာ ဂိုးထဲ ဝင်သွားခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

၂-၃ ဆိုတဲ့ ရလဒ် ဖြစ်သွားပြီးနောက် ချယ်လ်ဆီးက တိုက်စစ်ဆင်မှုတွေ ဆက်တိုက် လုပ်လာခဲ့ပြီး ပွဲချိန် ၆၇မိနစ်မှာ ဂျက်ဆန်က ဂါလက်ချာရဲ့ ကန်သွင်းမှု ကနေ လျှံထွက်လာတဲ့ ဘောလုံးကို အနီးကပ် ပိတ်သွင်းကာ ချယ်လ်ဆီးအတွက် ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ သရေရလဒ် ထွက်ပေါ်နေပြီးနောက် နှစ်သင်းစလုံးက အနိုင်ဂိုး သွင်းယူဖို့ ကြိုးစားခဲ့ကြပြီး ပွဲချိန် ၈၆မိနစ်မှာတော့ ရိုဒရီရဲ့ ကန်သွင်းချက်က သီယာဂို ဆေးလ်ဗားရဲ့ ခြေထောက်နဲ့ ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်ရင်း စီးတီးတို့ ဦးဆောင်ဂိုး တဂိုး ထပ်ရခဲ့ပြန်ပါတယ်။

Photo Credit: ESPN

နောက်ကျဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ စီးတီးက ချေပဂိုး ပြန်မပေးရအောင် ခံစစ်ကို ဦးစားပေး ကစားခဲ့ပေမယ့် ပွဲချိန် မိနစ် ၉၀ကျော်မှာ စီးတီး အသင်းခေါင်းဆောင် ရူဘင် ဒီယက်ဇ်ရဲ့ မသေသပ်တဲ့ ဖြတ်ထုတ်မှုကြောင့် ချယ်လ်ဆီးတို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါပင်နယ်တီကို ပါလ်မာက အကောင်းဆုံး ကန်သွင်းကာ ချယ်လ်ဆီးအတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။

ချယ်လ်ဆီး ၄-၄ မန်ချက်စတာ စီးတီး ပွဲစဉ်မှာတော့ စီးတီးအတွက် သွင်းဂိုး ၂ဂိုး သွင်းပေးခဲ့တဲ့ အာလင်း ဟာလန်းက သူဟာ ငယ်ပါနဲ့ ဂိုးမသွင်းဖူးတာကြောင့် ဒီပွဲမှာ စံချိန်သစ် တခု ရခဲ့ကြောင်း ဟာသလုပ်ကာ ပြောကြားသွားခဲ့ပါတယ်။ ဟာလန်းက – “ကျွန်တော်က ငယ်ပါနဲ့ (တိတိကျကျ ပြောရရင် မင်းဂွတ်သီးပါ) တခါမှ ဂိုးမသွင်းဖူးပါဘူး။ ဒါကြောင့် ဒီဂိုးက ကျွန်တော့်အတွက် စံချိန်သစ် တခုပါပဲ” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့တာပါ။

Exit mobile version