MySport Myanmar

အသင်းဖော်သစ် မာမွတ်ရှ်မှာ ထူးခြားမှုတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုလိုက်တဲ့ ဟာလန်း

မနေ့ညက မန်ချက်စတာ စီးတီးနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်စီးတီးအတွက် ပွဲဦးထွက်အဖြစ် ကစားပေးသွားခဲ့တဲ့ ကစားသမားသစ် အိုမာ မာမွတ်ရှ်နဲ့ ပတ်သက်ပြီး စီးတီးအသင်း တိုက်စစ်မှူး အာလင်း ဟာလန်းက သူ့အသင်းဖော်သစ် မာမွတ်ရှ်မှာ ထူးခြားမှု တစ်ခုခု ရှိနေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီ ဖရန့်ဖတ်အသင်းမှာ အကောင်းဆုံး တောက်ပခဲ့ပြီး ဆောင်းဈေးကွက်မှာပဲ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တဲ့ အီဂျစ် တိုက်စစ်ကစားသမား မာမွတ်ရှ်ဟာ ချယ်လ်ဆီးနဲ့ပွဲမှာ စတင် ကစားခွင့် ရရှိခဲ့ရင်း ပထမပိုင်း ပွဲချိန်အတွင်း ဂိုးရရှိခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဂိုးက ပယ်ဖျက်ခံခဲ့ရသလို ဂိုးလုနီးပါး အခြေအနေအတွေလည်း ရှိခဲ့ပါသေးတယ်။

Photo Credit : El Futbolero US

ကစားသမားသစ်တစ်ဦးလို့ မထင်ရလောက်အောင် စီးတီး တိုက်စစ်မှာ ချက်ချင်း အထိုင်ကျခဲ့တဲ့ မာမွတ်ရှ်ဟာ သူရဲ့ လုပ်အားနှုန်းတွေနဲ့ ချယ်လ်ဆီးခံစစ်တန်းကိုလည်း ကောင်းကောင်း ဒုက္ခပေးခဲ့ပါသေးတယ်။ ပွဲဦးထွက်မှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် စီးတီး ပရိသတ်တွေ စိတ်ကျေနပ်ရလောက်အောင်တော့ ကစားပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသင်းဖော် ဟာလန်းကလည်း မာမွတ်ရှ်နဲ့ ပတ်သက်ပြီး “အထူးသဖြင့် ပထမပိုင်း ပွဲချိန်ထဲ သူ့မှာ ထူးခြားမှု တစ်ခုခု ရှိနေတယ်ဆိုတာကို ခင်ဗျားတို့ မြင်နိုင်မယ် ထင်ပါတယ်။ အသင်းက သူ့ကို ခေါ်ယူခဲ့တဲ့ အကြောင်းအရင်းကလည်း အခုလို သူ့မှာ ဒီလို ထူးခြားမှု တစ်ခုခု ရှိနေလို့ပါပဲ။ သူက အသင်းမှာ ချက်ချင်း ကစားခွင့် ရခဲ့ပြီးတော့ ရှေ့မှာလည်း အရေးကြီးတဲ့ ပွဲတွေက လာတော့မှာမို့ သူ့ကို တက်နိုင်သမျှ မြန်မြန်သိဖို့ပဲ လိုတာပါ။”

Photo Credit : Manchester City FC

“သူ့က ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ကစားသမား ဖြစ်လာမှာမို့ သူ့ကို ယုံကြည်မှု ပေးရမယ်။ ကစားသမားသစ်တွေ အသင်းဆီ ရောက်လာတာလည်း အမြဲတမ်းကောင်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မတူညီတဲ့ စွမ်းအင်တွေ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေနဲ့အတူ မဖြစ်လာခင်မှာ ကစားသမားသစ်တစ်ယောက် ဖြစ်ခဲ့တာပဲ။”

“ကစားသမားသစ်တွေနဲ့ ရင်းနှီးသိကျွမ်းရ ကောင်းမွန်သလို ကစားသမားကောင်းတွေနဲ့ တွဲဖက်ကစားရတာကလည်း တကယ်ကို ကောင်းပါတယ်။ သူက ဖရန့်ဖတ်အသင်းနဲ့အတူ ဒီရာသီရဲ့ ပထမရာသီဝက်မှာ အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့တာမို့ ကျွန်တော်တို့အသင်းနဲ့လည်း လက်ကျန်ရာသီဝက်ကို ဒီလို ပုံစံတူမျိုး စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version