MySport Myanmar

နှစ်ရှည်စာချုပ်က ထူးဆန်းပေမယ့် အလွယ်တကူပဲ ဆုံးဖြတ်ခဲ့ရတယ်လို့ ဟာလန်း ဆို

မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ ဂိုးသွင်းစက် တိုက်စစ်မှူး အာလင်း ဟာလန်းက မန်စီးတီးနဲ့အတူ ၂၀၃၄ခုနှစ်အထိ သက်တမ်းရှိမယ့် (၉)နှစ်ခွဲ စာချုပ်ရှည်ကြီးတစ်ရပ်ကို တိုးမြှင့်ချုပ်ဆိုခဲ့ရာ ဒီစာချုပ်က အနည်းငယ် ထူးဆန်းနေပေမယ့်လည်း ဒီလို စာချုပ်ချုပ်ဆိုဖို့ကိုတော့ လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုလိုက်ပါတယ်။

အသက်(၂၄)နှစ်အရွယ် နော်ဝေလက်ရွေးစင် ဟာလန်းဟာ ၂၀၂၂ကမှ ဒေါ့မွန်ကနေ မန်စီးတီးဆီ ရောက်ရှိလာခဲ့ပြီး (၂)နှစ်ခွဲကာလအတွင်းမှာပဲ အသင်းအတွက် (၁၁၂)ဂိုးအထိ သွင်းယူပေးထားခဲ့သလို ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကိုပါ ဆွတ်ခူးခဲ့ပါတယ်။

Photo Credit : Manchester City FC

ဒီရာသီမှာလည်း စီးတီးအတွက် (၂၂)ဂိုး သွင်းယူပေးထားတဲ့ ဟာလန်းကို အသင်းဘက်က ၂၀၂၇ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ကိုမှ ၂၀၃၄အထိ တိုးမြှင့်လိုက်သလို ဟာလန်းအတွက် သူရဲ့တစ်ပတ်လုပ်ခကိုလည်း ပေါင်(၅၀၀၀၀၀)အထိ တိုးမြှင့်ပေးချေသွားမှာပဲ ဖြစ်ပါတယ်။

မန်စီးတီးဟာ လက်ရှိမှာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုပေါင်း (၁၁၅)မှုနဲ့ စွဲချက်တင်ခံနေရပြီး ပြစ်မှုထင်ရှားရင် အပျော်တန်းလိဂ်အထိပါ တန်းဆင်းခံရနိုင်လို့ မန်စီးတီးနဲ့ နှစ်ရှည်စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့ ဟာလန်းလည်း မန်စီးတီးနဲ့အတူ အောက်တန်းလိဂ်တွေမှာ နှစ်ကာလအကြာကြီး ကစားရတော့မယ်လို့ ဘောလုံးပရိသတ် တချို့က လှောင်ပြောင်နေကြပါတယ်။

Photo Credit : Manchester City FC

ဒါပေမယ့် ဟာလန်းကတော့ “ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်တာ ဘာပဲဖြစ်ဖြစ် ဘာမှ မစဉ်းစားပါဘူး။ ကျွန်တော် ကလပ်အသင်းအပေါ် ယုံကြည်သလို အခု သူတို့ ဘာတွေလုပ်နေလဲ ဆိုတာကိုလည်း သိပါတယ်။ ကျွန်တော်က ဒီအသင်းကို ရောက်တာလည်း မကြာသေးတာမို့ အသင်းအကြောင်းကို အများကြီး ပြောသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။”

“ကလပ်အသင်း သူတို့ ဘာတွေ လုပ်နေလဲဆိုတာ သိတယ်လို့ ယုံကြည်ပါတယ်။ ကာလရှည် စာချုပ်တစ်ရပ်ကတော့ နည်းနည်းတော့ ဆန်းကြယ်နေပါတယ်။ ဒါက ပုံမှန်တော့ မဟုတ်ပါဘူး။ ဒါကလည်း ကျွန်တော် ကြိုက်တဲ့အရာပါ။ နောက်ဆုံးတော့ ဒါက နှစ်ဖက်လုံးအတွက် ကောင်းတယ်လို့ ခံစားမိရတယ်။ ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါပဲ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version