မန်ချက်စတာ စီးတီး ကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းက သူ့အသင်းရဲ့ လက်ရှိ ဘောလုံးရာသီနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စရာ ဝန်ခံချက်တစ်ခု ပြုလုပ်လိုက်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို (၄)နှစ်ဆက်တိုက် ရရှိခဲ့ပြီးနောက် ဒီတစ်ကြိမ်မှာတော့ စီးတီးအသင်းဟာ ဟာလန်းရဲ့ ဖော်ပြချက်အရ ကပ်ဘေးဆိုက်တဲ့ ရာသီဆိုတဲ့ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရပါတယ်။
နည်းပြကြီး ပက်ပ် ဂွါဒီယိုလာရဲ့ အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး အမှတ်ပေး ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ပါ (၁၈)မှတ်အထိ ကွာဟနေပါတယ်။ စီးတီးဟာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု မရခဲ့ပေမယ့် စနေနေ့မှာ ခရစ္စတယ် ပဲလေ့စ်နဲ့ ကစားမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ် ရှိနေတာကြောင့် ဆုဖလား ရယူနိုင်မယ့် အခွင့်အရေး တစ်ခုတော့ ကျန်ရှိနေပါသေးတယ်။
Photo Credit : FourFourTwo
စီးတီးအသင်းရဲ့ ကျဆင်းမှု နောက်ကွယ်မှာ ဒဏ်ရာပြဿနာတွေ စိတ်ပျက်စရာ ခြေစွမ်းတွေ အပါအဝင် အကြောင်းရင်းများစွာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဟာလန်း အရိပ်အမြွက် ပြောသွားတဲ့ အကြောင်းရင်း တစ်ခုကတော့ စီးတီး ပရိသတ်တွေအတွက် အထူးတလည် စိုးရိမ်စရာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဟာလန်းက သူတို့အသင်း ခြေစွမ်း ကျဆင်းရခြင်းရဲ့ အကြောင်းရင်းတွေထဲက တစ်ခုဟာ အနိုင်လိုစိတ် ပြင်းပြမှု နည်းပါးခြင်း ဖြစ်တယ်လို့ ညွှန်ပြခဲ့ပါတယ်။
ဟာလန်းက သူ့ကိုယ်တိုင်ရဲ့ ခြေစွမ်းတွေဟာလည်း လိုအပ်တဲ့ စံနှုန်းအဆင့် မမီခဲ့ဘူးလို့ ခံစားရကြောင်း အလေးပေး ပြောကြားလိုပုံ ရပါတယ်။ ESPN နဲ့ တွေ့ဆုံရာမှာ ဟာလန်းက “ဒဏ်ရာတွေ အချိန်အခါ မကောင်းမှာ ဒဏ်ရာရတာတွေ အများကြီး ရခဲ့တာတွေ ဒီအခြေအနေတွေ အားလုံးအတွက် ဆင်ခြေတွေတော့ ရှာလို့ရပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ ကျွန်တော်တို့ ခြေစွမ်း လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ ရင်ထဲမှာ အနိုင်လိုစိတ် ပြင်းပြမှု မရှိခဲ့ဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မကောင်းခဲ့ဘူး။ အသင်းကို လုံလောက်အောင် မကူညီနိုင်ခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Sky Sports
ဟာလန်းက စီးတီးအသင်း အနေနဲ့ လာမယ့်ရာသီမှာ ပိုကောင်းတဲ့ ခြေစွမ်းပြနိုင်ဖို့ လိုအပ်တဲ့ အနိုင်လိုစိတ် ပြင်းပြမှုကို ပြန်လည် ရှာဖွေဖို့ လိုအပ်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။ “ကလပ်အသင်းက သတ်မှတ်ထားတဲ့ စံနှုန်းတွေ ရှိပြီး အဲ့ဒီ စံနှုန်းတွေက အရမ်းမြင့်မားတဲ့အတွက် ဒီရာသီဟာ ကပ်ဘေးဆိုက်တဲ့ ရာသီလို့ ပြောနိုင်ပါတယ်။ ဒါက အားလုံးကို ပြောပြနေပါပြီ။ လာမယ့်ရာသီမှာ ရာသီသစ်ကို စတင်နိုင်ဖို့ ကျွန်တော်တို့ ရင်ထဲက တစ်ခုခုကို ပြန်ရှာတွေ့ဖို့ လိုပါတယ်။” လို့ ဟာလန်းက ဆိုပါတယ်။
စီးတီးဟာ မကြာသေးခင်က ပြိုင်ပွဲစုံ (၅)ပွဲဆက်တိုက် အနိုင်ရပြီး အခြေအနေ ပြန်ကောင်းလာပြီလို့ ထင်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ စနေနေ့မှာတော့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားပြီးဖြစ်တဲ့ ဆောက်သမ်တန် အသင်းကို အဝေးကွင်းမှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းဟာ သူတို့ရဲ့ လိဂ်ရာသီကို ဘုန်းမောက်နဲ့ အိမ်ကွင်း၊ ဖူလ်ဟမ်နဲ့ အဝေးကွင်း ပွဲစဉ်တွေ ကစားပြီး အဆုံးသတ်ရမှာ ဖြစ်ပါတယ်။ စီးတီးဟာ ဒီရာသီမှာ လိဂ်ပွဲ (၉)ပွဲအထိ ရှုံးနိမ့်ထားပြီး ချန်ပီယံဆုအတွက် ပြန်လည် စိန်ခေါ်လိုတယ်ဆိုရင် လာမယ့်ရာသီမှာ ဒီအခြေအနေကို သိသိသာသာ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။