ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ဒေါ့မွန် အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးလို့ ဆိုရမယ့် လူငယ် ကစားသမား နှစ်ဦးဖြစ်တဲ့ ဟာလန်းနဲ့ ဆန်ချိုတို့ကြောင့် ဂုဏ်ယူစရာကောင်းတဲ့ စံချိန်သစ်တစ်ခုကို ရယူနိုင်ခဲ့တယ်လို့ ESPN သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၁၉နှစ်အရွယ် လူငယ် တိုက်စစ်မှူး ဟာလန်းနဲ့ အသက်၂၀အရွယ် တောင်ပံ ကစားသမား ဆန်ချိုတို့ဟာ ဆယ်ကျော်သက် ကစားသမားတွေသာ ဖြစ်ကြပေမယ့် လက်ရှိ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုး ဆယ်ဂိုးနဲ့အထက် သွင်းယူထားနိုင်ခဲ့ကြပြီး သူတို့ နှစ်ဦးကြောင့်ပဲ ဒေါ့မွန်အသင်းဟာ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်းမှာ သွင်းဂိုး ဆယ်ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားနှစ်ဦးကို ပိုင်ဆိုင် တဲ့ ပထမဦးဆုံး အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြတာပါ။

Photo Credit: Daily Mail.com

ဆန်ချိုနဲ့ ဟာလန်းတို့ဟာ ဆယ်ကျော်သက် အရွယ်သာ ရှိကြသေးပေမယ့် နှစ်ဦးစလုံးဟာ ဒေါ့မွန်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ် လာတဲ့ ကစားသမားတွေ မဟုတ်ပဲ ဆန်ချိုဟာ မန်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းထံကို ၂၀၁၇ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဟာလန်းဟာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဆဲလ်ဘက်အသင်းကနေ ဒေါ့မွန် အသင်းထံကို ပြောင်းရွှေ့လာခဲ့သူပါ။ ဒါပေမယ့် နှစ်ဦးစလုံးဟာ ဒေါ့မွန်အသင်းနဲ့ လျင်မြန်စွာပင် အသားကျခဲ့သူများ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ နှစ်ဦးပေါင်း ဘွန်ဒက်လီဂါပွဲစဉ် ၃၂ပွ​ဲ အထိ ကစားထားခဲ့ပြီး သွင်းဂိုး ၂၄ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo Credit: Daily Mail.com

အသက်၁၉နှစ်အရွယ် တိုက်စစ်မှူး ဟာလန်း ဟာ လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ပွဲစဉ် ၉ပွဲ ပါဝင် ကစားထားရာမှာ ၁၀ဂိုး သွင်းယူထားပြီး ၂ဂိုး ဖန်တီး ပေးထားနိုင်သူပါ။ အသက် ၂၀နှစ်အရွယ် တောင်ပံ ကစားသမား ဆန်ချို ကတော့ လက်ရှိ ဘွန်ဒက်လီဂါ ဘောလုံးရာသီ မှာ ၂၃ပွဲအထိ ပါဝင် ကစားထားခဲ့ပြီး အသင်း အတွက် ၁၄ဂိုး သွင်းယူ ပေးထားနိုင်သလို ၁၃ဂိုး အထိလည်း ဂိုးဖန်တီးမှု ပြုလုပ်ထားခဲ့ပါတယ်။ လက်ရှိ အပြောင်းအရွှေ့စျေးကွက်မှာလည်း ဆန်ချိုနဲ့ ဟာလန်းတို့ရဲ့ နှစ်ဦးပေါင်း ပြောင်းရွှေ့ကြေး တန်ဖိုးဟာ အနိမ့်ဆုံး ပေါင်၁၅၀သန်း ဝန်းကျင် ရှိတာကြောင့် ဒေါ့မွန်အသင်းအတွက် အကျိုးအမြတ် အများကြီး ပေးစွမ်းနိုင်တဲ့ ကစားသမားနှစ်ဦးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။