(၁၉၁)ကြိမ်မြောက် မန်ချက်စတာဒါဘီ ပွဲစဉ်ကြီးကို မနေ့ညက အိုးထရက်ဖို့ဒ်ကွင်းအတွင်း ကျင်းပသွားခဲ့ရာ မန်ချက်စတာ စီးတီးအသင်းရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းရဲ့ 2 goals + 1 assist နဲ့ အိမ်ရှင် ယူနိုက်တက်ကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ရသွားခဲ့ပါတယ်။

နော်ဝေ တိုက်စစ်မှူး ဟာလန်းက ဒီပွဲမတိုင်ခင် ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ သွင်းဂိုး လုံးဝ သွင်းယူနိုင်ဖူးခြင်း မရှိသေးပဲ ပြီးခဲ့တဲ့ရာသီက ကစားခဲ့စဉ်မှာလည်း ဂိုးလုံးဝ မသွင်းထားနိုင်ခဲ့ပဲ အခုပွဲမှသာ ဂိုး(၂)ဂိုးပါ သွင်းယူရင်း ဖိုဒန်ရဲ့ ဂိုးကိုလည်း ဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

Photo Credit : beIN SPORT

ဟာလန်းဟာ ယူနိုက်တက် အလိုရှိခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကို ဆိုးလ်ရှား ကိုင်တွယ်ခဲ့စဉ်တုန်းက အသင်းထံ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပဲ ဟာလန်းက ယူနိုက်တက်ရဲ့ မြို့ခံကလပ် မန်စီးတီးအသင်းဆီသာ ရောက်ရှိသွားခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ကို စတင် ခြေချခဲ့တဲ့ နှစ်မှာပဲ ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးစံချိန်ကိုပါ ရိုက်ချိုးနိုင်ခဲ့တဲ့ ဟာလန်းက ယူနိုက်တက်နဲ့ တွေ့ဆုံစဉ်မှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့သလို အခုလည်း ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ဂိုးတွေ ထပ်မံ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

 

Photo Credit : Sky Sports

တကယ်တော့ ဟာလန်းမှာ ယူနိုက်တက်နဲ့ ပတ်သက်ပြီး အစာမကြေစရာ ကိစ္စတွေ ရှိနေခဲ့ရပြီး သူ့ဖခင် မန်စီးတီး ကစားသမားအဖြစ် ကစားခဲ့စဉ်တုန်းက ယူနိုက်တက် အသင်းခေါင်းဆောင် ရွိုင်ကိန်းရဲ့ ပြင်းထန်းလှတဲ့ ဖျက်ထုတ်မှုကြောင့် ဘောလုံးသမားဘဝ အဆုံးသတ်ရလုနီးပါး ဖြစ်သွားခဲ့ဖူးပါတယ်။ ဒီပွဲမှာလည်း သူ့ကို အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး လှောင်ပြောင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဟာလန်းက ဖွင့်ဟခဲ့ပါသေးတယ်။

“Keano(ဟာလန်းရဲ့ဖခင်ဖြစ်သူကို ရွိုင်ကိန်း ကစားပုံကြမ်းခဲ့ခြင်းကို ရည်ညွန်းတဲ့ အသုံးအနှုန်း) သီချင်းဆိုတဲ့သူတွေ အများကြီး ရှိခဲ့တယ်။ ဘာကြောင့်လဲတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ ဒီလှောင်ပြောင်မှုတွေကို တွန်းအားအဖြစ်နဲ့ အသုံးပြုသွားခဲ့တယ်။ ပြီးတော့ သူတို့တွေအတွက် ကျွန်တော်က ဂိုးသွင်းပြီး အောင်ပွဲခံပြလိုက်တယ်။” လို့ ဟာလန်းက ရှင်းလင်း ပြောဆိုလိုက်ပါတယ်။